မန္တလေး ၁၂ အောက်တိုဘာ
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အကြိုဖြစ်သည့် ယနေ့ညပိုင်းတွင် မဟာမုနိဘုရားကြီး ရေတော်ဆရာတော်ဘဒ္ဒန္တဥက္ကဋ္ဌအရှင်သူမြတ်အမှူးပြု ဆရာတော်သံဃာတော်များသည် မဟာမုနိရုပ်ရှင်တော်မြတ်အား ပန်း၊ မျက်နှာသစ်တော်ရေနှင့် ရေချမ်းဆက်ကပ်ပူဇော်ခဲ့ကြသည်။
ယနေ့ညနေပိုင်းတွင် သံဃာတော်များ သီလရှင်များကြွရောက်၍ ရခိုင်စည်တော်အဖွဲ့နှင့် ရခိုင်လူမှူရေးအသင်း၊ ရခိုင်မောင်မယ် တံမြက်စည်းလှည်းအသင်း(မန္တလေး)အသင်းနှင့် အမျိုးသမီး ယဉ်ကျေးမှု အဖွဲ့တို့မှ မိသားစုဝင်များ၊ ဧည့်သည်တော်များသည် ၁၅ကြိမ်မြောက် ဆီမီး ၉၀ဝဝ ထွန်းညှိပူဇော်ပွဲကျင်းပမည့် သတ်မှတ်နေရာတွင် ရောက်ရှိနေရာယူကြကာ မဟာမုနိရုပ်ရှင်တော်မြတ်အား သြကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး ရခိုင်စည်တော်အဖွဲ့က စည်တော်ရွှန်းခတ်ပူဇော်ကြသည်။
ထို့နောက် ရခိုင်လူမှူရေးအသင်းနှင့် ရခိုင်တံမြက်စည်းလှည်းအသင်းသူအသင်းသားများ၊ မိသားစုဝင်များနှင့် မီးထွန်းပွဲတော်လာဧည့်သည်တော်များ၊ ဘုရားဖူးလာပြည်သူများက မဟာမုနိဘုရားကြီး ရင်ပြင်တော်တွင် ၁၅ကြိမ်မြောက် ဆီမီး၉၀ဝဝပူဇော်ပွဲကို အစီအစဉ်အတိုင်း ပြိုင်တူထွန်းညှိပူဇော်ကြပြီး ဆီမီးပူဇော်ခြင်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် စည်တော်အဖွဲ့က အောင်စည်အောင်မောင်း တီးခတ်ပူဇော်ကြကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား


