ရန်ကုန် ၁၂ အောက်တိုဘာ
၂၀၁၉ ခုနှစ်၊ (၁၂)ကြိမ်မြောက် ကိုရီးယားသံအမတ်ကြီး ဖလားတိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန်မြို့နယ် အောင်ဆန်း အားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr Lee Sang Hwa ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်နှင့် အမှုဆောင်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်းအသင်း အုပ်ချုပ်သူ/နည်းပြ၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်ရေးကို မျှော်မှန်းပြီး ကိုရီးယားသံအမတ်ကြီး ဖလားတိုက်ကွမ်ဒိုပြိုင်ပွဲများကို (၂၀ဝ၆) ခုနှစ် မှစတင်၍ နှစ်စဉ်ကျင်းပ ပြုလုပ်ပေးခဲ့ပြီး ယခုနှစ်တွင် (၁၂)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊
ယခုပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ကြီးဌာနအသင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများ၊ ကလပ်အသင်းများ အပါအဝင် ပြိုင်ပွဲဝင် အသင်း(၂၈)သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား(၅၅၀)ကျော် ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြသည်ကို တွေ့ရှိရပါကြောင်း။
မြန်မာ့တိုက်ကွမ်ဒို အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာပြိုင်ပွဲများတွင် တိုက်ကွမ်ဒို အားကစားနည်း အောင်မြင်မှု ရရှိရန်တို့အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကူညီပံ့ပိုး ဆောင်ရွက်ပေးသော ကိုရီးယားသမ္မတနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr Lee Sang Hwa က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန်အတွက် ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ အားကစား ကဏ္ဍနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုက်ကွမ်ဒို အားကစားနည်းသည် စည်းမျဉ်းစည်းကမ်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ အခြားမည် သို့သော် စိန်ခေါ်မှုမျိုးကိုမဆို ကျော်လွှားနိုင်သည့် စိတ်ဓါတ်ကြံ့ခိုင်မှု အခြေခံထားသော ကိုရီးယားရိုးရာ အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံ၏ တိုက်ကွမ်ဒို အားကစား နည်းပြန့်ပွားလာသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးနှင့် ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြဟန် တို့က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ နှုတ်ဆက်ပြီး ပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ ပြုလုပ်သော Cambridge Global Health Partnership (CGHP) နှင့် Tropical Health & Education Trust (THET) အဖွဲ့များ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ဆေးပညာရှင် ကိုယ်စားလှယ်အဖွဲ့သည် United Kingdom နိုင်ငံသို့ စက်တင်ဘာ (၂၂)ရက်မှ (၃၀)ရက်အထိ လေ့လာရေး ခရီးသွားရောက်ခဲ့မှုအတွေ့အကြုံနှင့် အမျိုးသားအဆင့် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ သဏ္ဍာန်တူလေ့ကျင့် သင်ကြားမှုနှင့် သုတေသနဆိုင်ရာဌာနကြီး (National Medical Skill, Simulation and Research Center) ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြပွဲသို့ တက်ရောက်သည်။
အဆိုပါ ရှင်းလင်းတင်ပြပွဲ၌ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကု ပါမောက္ခဒေါက်တာမြတ်သူ၊ မေ့ဆေးပညာ ပါမောက္ခ ဒေါက်တာမူမူနိုင်၊ အရေးပေါ်ဆေးပညာ ပါမောက္ခ ဒေါက်တာခိုင်ရွှေဝါ၊ မြန်မာနိုင်ငံ အထွေထွေရောဂါကုဆရာဝန်အသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဦးနှင့် Rangoon General Hospital Reinvigoration Charitable Trust (RGHR) အဖွဲ့မှ ဒေါက်တာသင်းသင်းလှိုင် တို့က လေ့လာ ရေးခရီးစဉ်အတွင်း United Kingdom နိုင်ငံရှိ ထိခိုက်ဒဏ်ရာကုသမှုဌာနများသို့ လေ့လာခဲ့မှု၊ ဦးနှောက်နှင့်အာရုံကြော ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ သုတေသနများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် လေ့လာညှိနှိုင်းခဲ့မှု၊ အထွေထွေရောဂါကုဆရာဝန်များ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် Royal Collage of General Practitioner အဖွဲ့နှင့် ပူးပေါင်း၍ မိသားစုကျန်းမာရေး ဆေးပညာ မဟာသိပ္ပံဘွဲ့သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း လေ့လာဆန်းစစ် မွမ်းမံရေး၊ အရည်အသွေးနှင့် လေ့ကျင့်သင်ကြားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းခဲ့မှု၊ နှစ်စဉ်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ Tropical Health & Education Trust (THET) နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့မှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်က “အမျိုးသားအဆင့် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ သဏ္ဍာန်တူ လေ့ကျင့်သင်ကြားမှုနှင့် သုတေ သနဆိုင်ရာဌာနကြီး (National Medical Skill, Simulation and Research Center)” အမြန်ဆုံးဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်အတွင်း လေ့လာတွေ့ရှိခဲ့မှု အတွေ့အကြုံများကို မိမိတို့နိုင်ငံ၏ အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီစေရန် အသုံးချပြီး Cambridge Global Health Partnership (CGHP) နှင့် Tropical Health & Education Trust (THET) အဖွဲ့များနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပါရန်နှင့် “အမျိုးသားအဆင့် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ သဏ္ဍာန်တူ လေ့ကျင့်သင်ကြားမှုနှင့် သုတေသနဆိုင်ရာဌာနကြီး”အတွက် လိုအပ်သည်များကိုလည်း ဝန်ကြီးဌာနမှ ဆက်လက် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်


