မြဝတီ ၁၂ အောက်တိုဘာ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြဝတီမြို့၊ ဖလူးကျေးရွာရှိ ဒေသခံပြည်သူများနှင့် ယနေ့နံနက် ၉ နာရီတွင် ဖလူးကျေးရွာ၊ ခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သည် ဥပဒေပြုရေး အာဏာကို တာဝန်ယူရပြီး အုပ်ချုပ်ရေး အာဏာကို ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ယူပါကြောင်း၊ တရားစီရင်ရေး အာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တာဝန်ယူရပါကြောင်း၊ အဆိုပါ အာဏာသုံးရပ်ကို ပိုင်းခြားသုံးစွဲသည့် နေရာတွင်တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်၍ မရပါကြောင်း၊ သို့သော် အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ခြင်းဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြစေလိုပါကြောင်း၊ မိမိအနေဖြင့် တတ်နိုင်သည့်ဘက်က ကြိုးစားဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျေးရွာပြည်သူများက ကျေးရွာအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာ ကဏ္ဍများအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် မြဝတီမြို့၊ ဖလူးကျေးရွာ၊ ဖော်ဆေးလမ်း ကွန်ကရစ်ခင်းရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဖလူးကျေးရွာအုပ်စုရှိ မသန်စွမ်းသူ(၆၉)ဦးအတွက် ထောက်ပံ့ငွေများအား သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပေးအပ်သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက်လွှတ်တော်က ဖော်ဆောင်ရွက်ဆိုပြီး မိမိတို့အနေဖြင့် မူဝါဒချမှတ်ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မှ ပြည်သူများ၏အသံ၊ လိုလားချက်များကို သိရှိနိုင်ရန် ပြည်သူများနှင့် အမြဲထိတွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ရသည့်အချိန်တွင် ပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏အသံ၊ ပြည်သူများ၏ဆန္ဒ၊ ပြည်သူများ၏ လိုလားချက်များကို နားထောင်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း တင်ပြသွားသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြည်သူများ၏ လိုလားချက်များကို သိရှိပြီးဖြစ်သည့်အတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထိန်လင်းအောင်(ပြန်/ဆက်)


