ကန်ကြီးထောင့် ၁၃ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဖလုံအိုင်ဒေသတွင် တည်ထားကိုးကွယ် တော်မူသော ၁၀၈ တောင် ဂမုန်းပေါင်း ရှင်သူငယ်ကမ္ဘာ့ကပ်ကျော် စေတီတော်မြတ်ကြီးတွင် ယနေ့ သီတင်းကျွတ်လပြည့်နေ့၌ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ ကောင်းမှုကုသိုလ် ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
"သီတင်းကျွတ် ရုံးပိတ်ရက်မှာ သူငယ်ချင်းတွေ ကားစုငှားပြီး ၁၀၈ တောင် ဘုရားကို လာဖူးကြတာပါ။ ဒီကပြန်ရင် ချောင်းသာကို ဆက်သွားပြီး ညအိပ်အပန်းဖြေကြမှာပါ။ ပြီးရင်တော့ အိမ်ပြန်လက်ဆောင် ရွှေမြင်းပျံ၊ ပုသိမ်ဟာလဝါနဲ့ ပုသိမ်ထီးဝယ်ပြီး ပြန်ကြမှာပါဟု " ရန်ကုန်မှ ဘုရားဖူးလာသူ ကိုအာကာဦးက ပြောသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ သမိုင်းဝင် လောကမှန်ကူ ဆုတောင်းပြည့် စေတီတော် မြတ်ကြီးနှင့် သမိုင်းဝင် ဆံတော်ရှင် ရွှေမောင်းတီး မဟာစေတီတော်မြတ်ကြီး တို့တွင်လည်း သီတင်းကျွတ်လပြည့်နေ့ ကောင်းမှု ကုသိုလ်ပြုသူများ၊ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)


