ကျိုင်းတုံ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲတောင်ပေါ် ဗုဒ္ဓဉယျာဉ် အတွင်းရှိ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား သီတင်းကျွတ်ပွဲတော် အခါသမယတွင် ဒေသခံပြည်သူများက ဆီမီးများထွန်းညှိ၍ လှည့်လည်ပူဇော်ခြင်း၊ ရင်ပြင်တော်ပေါ်၌ ဆီမီးတစ်သောင်း ထွန်းညှိ၍ ပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင် ပူဇော်ခြင်းများကို အဆိုပါဘုရားရင်ပြင်တော်ပေါ်၌ အောက်တိုဘာ ၁၂ရက် နေ့ ၊ ည ၆နာရီက စတင်၍ ကျင်းပခဲ့ကြသည်။
အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီး ဆီမီးပူဇော်ပွဲတွင် သီလဓမ္မကုန်းသာတောရကျောင်း ဦးစီးပဓာန နာယက ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)အရှင်သူမြတ်ထံမှ ဒေသခံပြည်သူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မေတ္တာများပို့သ၍ ကောင်းမှုကုသိုလ်များကို အမျှပေးဝေ ကြသည်။
ဆက်လက်၍ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ဝစီပိတ်ဆရာတော်အရှင်သူမြတ်က ဦးဆောင်၍ ဒေသခံပြည်သူများက ဆီမီးများဖြင့် လှည့်လည်ပူဇော်ခြင်း၊ ဘုရားရင်ပြင် တော်ပေါ်တွင် ဆီမီးများထွန်းညှိ ပူဇော်ခြင်းနှင့် မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်းများကို စုပေါင်း ဆောင်ရွက်ကြသည်။
ထို့နောက် သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ကျိုင်းတုံဇာတိရပ်ရွာသို့ ပြန်လာကြသူများ၊ အပန်း ဖြေလည်ပတ်ကြသူများနှင့် ဒေသခံပြည်သူများပျော်ရွှင်စေရန် သီချင်းဆိုပြိုင်ပွဲများနှင့် ရိုးရာဓလေ့ စရိုက်များ မပျောက်မပျက်စေရန်အတွက် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
အဆိုပါ အေးချမ်းသည့် အတိတ်နိမိတ်ကိုဆောင်သော အဘယမုဒြာပုံစံဖြင့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးသည် ဘုရားပုရဝုဏ် ရင်ပြင်တော်အကျယ် အလျား ၁၈၀ ပေ၊ အနံ ၁၅၀ ပေ ကျယ်ဝန်းပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၅၄ ပေမြင့်ရာ အောက်ခြေပလ္လင်တော် လှိုင်ဂူအတွင်းတွင် ဗုဒ္ဓဝင်ဇာတ်တော်များကို စကျင်ကျောက်များဖြင့်ထွင်းထုပူဇော်ထားရှိပြီး ရပ်ဝေး ရပ်နီးမှ မိဘပြည်သူများဖူးမြှော်နိုင်စေရန်၊ ဒေသတည်ငြိမ်အေးချမ်း ဖွံ့ဖြိုး တိုးတက် စေရန်နှင့် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်လျှက်၂၀၁၆ခုနှစ် နိုဝင်ဘာ ၈ရက်နေ့မှ စတင်တည်ဆောက်ကာ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်နေ့တွင် အောင်မြင်စွာ တည်ထားကိုးကွယ်တော် မူခဲ့ကြကြောင်း သိရသည်။
ရဲဝင်းထွန်း(ပြန်/ဆက်)


