ညောင်ဦး ၁၄ အောက်တိုဘာ
ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦးဒေသရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားများနှင့် နေရာအနှံ့အပြားရှိ ဘုရားစေတီ ပုထိုးများ၌ အောက်တိုဘာ ၁၄ ရက်၊ (သီတင်းကျွတ် ရုံးပိတ်ရက် စတုတ္ထမြောက်နေ့) ယနေ့နံနက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိနေကြောင်း ပုဂံမြို့မှ ဒေသခံပြည်သူ ကိုဆော်(ပုဂံ)ထံမှ သိရသည်။
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများအား လာရောက ်လည်ပတ်ဖူးမြော်ရာတွင် ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များသည် ရွှေစည်းခုံ စွယ်တော်မြတ်စေတီ၊ တန့်ကြည့်တောင်စွယ်တော်မြတ်စေတီ၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ ၊ အဓိဌာန်ဆုတောင်းပြည့်ဘုရားများဖြစ်သည့် ပြည့်ငါးပြည့် ဘုရား၊ အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ အာနန္ဒာ ၊ ဗူးဘုရား၊ သဗ္ဗညုဘုရား၊ ရွှေဆံတော်၊ ကန်တော့ပလ္လင်၊ ပုဂံရှေးဟောင်း ပြတိုက် ၊ ဓမ္မရံကြီး၊ စူဠာမဏိ ၊ စိုးမင်းကြီးဘုရား၊ ပြဿဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏ၊ ညောင်ဦးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ငှက်ပစ်တောင်ဆုတောင်းပြည့်ဘုရား စသည့် ဘုရားစေတီပုထိုးများကို စိတ်ဝင်တစ်စား အများဆုံး သွားရောက်လည်ပတ် ဖူးမြော်ကြကြောင်း သိရသည်။
သီတင်းကျွတ်ရုံး(၅)ရက်ပိတ်ရက်အတွင်း အမြို့မြို့အနယ်နယ်မှ လာရောက်လည်ပတ်ကြသည့် ဌာနဆိုင်ရာရုံး ဝန်ထမ်းများ ၊ ပုဂ္ဂလိကရုံးဝန်ထမ်းများ ၊ အခြားသော စီးပွားရေးလုပ်ငန်းရှင် ဘုရားဖူးပြည်သူများနှင့် ပြည်ပခရီးသွား နိုင်ငံ ခြားသားဧည့်သည်များ ယာဉ်အန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်ရေးအတွက် မြို့နယ်အမှတ်(၉၃)ယာဉ်ထိန်းရဲတပ် ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို နေရာခွဲ၍ ကူညီ ရှင်းလင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဘုရားစေတီပုထိုးများတွင် ယာဉ်ကြောရှုပ်ထွေးမှု မဖြစ်စေရေးအတွက် ယာဉ်ရပ်နား ကွင်းများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် ဘုရားဖူးဧည့်သည်များအနေဖြင့် ဘုရားတစ်ဆူနှင့် တစ်ဆူ စိတ်အေးချမ်းသာစွာ ဝင်ထွက်သွားလာ ဖူးမြော်ခွင့်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။
“ယခု သီတင်းကျွတ်ရုံး(၅)ရက်ပိတ်တဲ့အချိန်မှာ ကျွန်တော်တို့ ပုဂံညောင်ဦးဒေသရှိ သမိုင်းဝင် တန်ခိုးကြီးဘုရား တွေနဲ့ နေရာအနှံ့အပြားရှိ ရှေးဟောင်းဘုရားစေတီပုထိုးတွေကို ပြည်တွင်းဘုရားဖူးဧည့်သည်တွေ အများအပြား လာရောက် ဖူးမြော်ကြပါတယ်။ ရုံးစပိတ်တဲ့နေ့ကစပြီး ယနေ့အထိ ဘုရားဖူးဧည့်သည်တွေ အရမ်းများနေပါတယ်။ ဘယ်နေရာက ဘုရားပဲကြည့်ကြည့် ဘုရားဖူးဧည့်သည်တွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။ ဘုရားဖူးဧည့်သည်တွေ အရမ်းများတဲ့ အတွက် မနေ့ကဆိုရင် ယာဉ်လမ်းကြော ကြပ်တဲ့အထိ ဖြစ်ရပါတယ်။ ဒီနေ့ မနက်လည်း ရွှေစည်းခုံဘုရားမှာ ဘုရားဖူး လာတဲ့ဧည့်သည်တွေ အရမ်းများပြီး ယာဉ်ကြောကြပ်တည်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားဖူးဧည့်သည်တွေ ယာဉ် အန္တရာယ်ကင်းစွာ ဝင်ထွက်သွားလာ ဖူးမြော်နိုင်ရေးအတွက် မြို့နယ်အမှတ်(၉၃) ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက နေရာခွဲပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ကူညီရှင်းလင်းဆောင်ရွက်ပေးတဲ့အတွက် ဘုရားဖူးဧည့်သည်တွေ စိတ်အေးချမ်းသာစွာ ဖူးမြော်ခွင့်ရရှိစေပါတယ်။ ယခုလို ဘုရားဖူးဧည့်သည်တွေ အရမ်းများတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပုဂံညောင်ဦးမြို့က ဟိုတယ်၊ မိုတယ်လုပ်ငန်းရှင်တွေ ၊ စားသောက်ဆိုင်လုပ်ငန်းရှင်တွေ ၊ ဒေသထွက် အမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေ အရောင်းအဝယ်လုပ်ငန်းတွေ အားလုံးအဆင်ပြေနေကြပါ တယ်။ နောက်ပြီး ကျွန်တော်တို့ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသဟာ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစ်စား လာရောက်လည်ပတ်တဲ့နေရာတစ်ခုဖြစ်သည့်အတွက် ယခုလို ရုံးရက်ရှည်ပိတ်ရက်တွေနဲ့ ပွင့်လင်းရာသီ ဖြစ်တဲ့ ခရီးသွားရာသီတွေမှာ ယခုလိုပဲ ဘုရားဖူးပြည်သူတွေနဲ့ အရမ်းစည်းကာနေတာဖြစ်ပါတယ်” ဟု ပုဂံမြို့မှ ဒေသခံ ပြည်သူ ကိုဆော်(ပုဂံ)က ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


