မန္တလေး ၁၄ အောက်တိုဘာ
ယခုနှစ်သီတင်ကျွတ်ပွဲတော်ကာလကို အောက်တိုဘာ ၁၁ ရက် မှ ၁၅ ရက်အထိ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးခဲ့ရာ အဆိုပါ ပွဲတော်ကာလတွင် မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်ရှိ ကမ္ဘာကျော် ဦးပိန်တံတားသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှု အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
‘’သီတင်းကျွတ်ကာလအလုပ်အားလပ်ရက်မို့ ဦးပိန်တံတားကို လာရောက်လည်ပတ်တာပါ၊ မဟာဂန္ဓာရုံ ကျောက်တိုက်ရှေ့မှာ ကတည်းက ကားတွေပိတ်နေလို့ လမ်းလျှောက်လာခဲ့ရတယ်၊ တောင်မင်းကြီးဘုရားရှေ့က လမ်းမှာလည်း တိုးမပေါက်အောင် စည်ကားနေတော့ ဦးပိန်တံတားပေါ်ရောက်ဖို့ တော်တော်လေး တိုးလိုက်ရတယ်၊ တံတားပေါ်မှာလည်း တိုးမပေါက်အောင်ပါပဲအလွန်ပဲစည်ကားပါတယ်၊ ယခုနှစ်သီတင်းကျွတ်ပွဲတော်ကာလကတော့ ဦးပိန်တံတားလာရောက်လည်ပတ်သူ အစည်ကားဆုံး လို့တောင်ပြောရမယ်ထင်တယ်၊ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူတွေရော၊ပြည်ပခရီးသွားတွေရော အလွန်ပဲ စည်ကားလျက်ရှိပါတယ် ‘’ ဟု မန္တလေးမြို့မှ လာရောက်လည်ပတ်သူတစ်ဦး က ပြောကြားသည်။
ဦးပိန်တံတားကို မြို့စာရေးမောင်ပိန် က မြန်မာသက္ကရာဇ်(၁၂၁၁) ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး (၁၂၁၃) ခုနှစ်တွင်ပြီးစီးခဲ့ကြောင်း၊ကျွန်းတိုင်လုံးပေါင်း (၁၀၈၆) တိုင် ပါဝင်ပြီး ပေပေါင်း (၃၉၆၇)ပေ ရှည်လျားကာ နားနေဆောင် ဇရပ်(၄)ဆောင် ပါဝင်ပြီး အခန်းပေါင်း(၄၈၂)ခန်း ရှိကြောင်း မှတ်တမ်းများအရသိရပြီး သီတင်းကျွတ် ပွဲတော်ကာလ တွင် ကမ္ဘာကျော်ဦးပိန်တံတားသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ကမ္ဘာလှည့် ခရီးသွားများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


