နေပြည်တော် ၁၄ အောက်တိုဘာ
ဂျပန်နိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍ သံရုံးနှင့် စစ်သံရုံး မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ငွေများအား ပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံး၊ စစ်သံရုံး မိသားစုများက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုကျိုမြို့ရှိ Tokyo Tower ၊ The Emperial Palace နှင့် Asakusa Temple တို့သို့ သွားရောက်၍ မြို့ပြဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ရှေးဟောင်း ယဉ်ကျေးမှု လက်ရာများကို ကြည့်ရှုလေ့လာကြပြီး ဘုရားကျောင်းအတွင်း လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်း တွင် ဂျပန်နိုင်ငံ Tokyo မြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမြင့်သူ၊ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနမှ Colonel Ishiwata ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး တင်စိုးနှင့် တာဝန်ရှိသူများက Narita လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro Maruyama ၊ စစ်သံမှူး Col. Takashi Komatsu နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


