ရန်ကုန် ၁၄ အောက်တိုဘာ

 

ဝိတိုရိယ ကျန်းမာရေး ထောက်ပံ့ကူညီစောင့်ရှောက်မှု ဖောင်ဒေးရှင်း (VHSF)နှင့် အမေရိကန်နိုင်ငံမှ Alliance for Smiles Organization တို့ ပူးပေါင်း၍ သတ္တမအကြိမ်မြောက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးတစ်ရာကျော်အား အခမဲ့ ခွဲစိတ်ကုသမှုအတွက် ဆေးစစ်ခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းက မရမ်းကုန်းမြို့နယ်ရှိ ဝိတိုရီယဆေးရုံ၌ စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံ Alliance for Smile Organization မှ မွေးဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်များ၊ ကလေးဆရာဝန်များ၊ Plastic Surgery ဆရာဝန်များ၊ သူနာပြုများနှင့် ဝိတိုရိယဆေးရုံမှ ဆရာဝန်၊ သူနာပြုတို့ပူးပေါင်း၍ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်တို့အား ခွဲစိတ်ကုသမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှာလာရောက်သော ကလေးငယ်များအား ကျန်းမာရေးဆေးစစ်ချက်ပြီးစီးပါက(၂၅)ရက်နေ့ထိ အခမဲ့ခွဲစိတ်ပေးသွားမည်ဖြစ်သည်။

 

ကျွန်မနဲ့အတူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးခြောက်ဦး ပါလာပါတယ်။ ဆရာဝန်ကြီး လမ်းညွှန်မှုနဲ့ သီပေါမြို့နယ်မှာရှိတဲ့ သားဖွားဆရာမတွေ စုဆောင်းပေးထားတဲ့ ကလေးတွေကို ဝိတိုရိယဆေးရုံမှာ လာရောက် ခွဲစိတ်ကုသတာပါ။ မိုင်းပေါင်း (၄၀ဝ)ကျော်ကနေလာပြီး မြန်မာစကား မတတ်ပေမယ့် သူတို့ရဲ့ သားသမီးတွေဘဝ အနာဂတ်လှပဖို့ မျှော်လင့်ချက်နဲ့ အခက်အခဲတွေကြားထဲက ရန်ကုန်ကို ရောက်လာကြတာပါ။ သွားလာစရိတ်၊ နေထိုင်ဖို့နဲ့ စားသောက်ဖို့ကအစ ဆေးရုံက တာဝန်ယူပေးတာပါ။ ခွဲစိတ်နိုင်အောင် ဆောင်ရွက်ပေးသူ ပုဂ္ဂိုလ်အားလုံးကို တိုင်းရင်းသားတွေကိုယ်စား ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်ဟု ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ ဆောင်ကျဲကျေးရွာမှ သားဖွားဆရာမ ဒေါ်ငြိမ်းငြိမ်းပိုက ပြောသည်။

 

02133

 

ဝိတိုရိဆေးရုံတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား အခမဲ့ ခွဲစိတ်ကုသပေးသည့် အစီအစဉ်ကို ၂၀၁၄ ခုနှစ် မတ်လမှ စတင်ခဲ့ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာပေါင်း (၅၄၈)ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ ကလေးငယ်များ လာရောက်ခွဲစိတ်ကုသလျက်ရှိကြောင်း သိရသည်။

 

မြန်မာတစ်ပြည်လုံးက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို ခွဲစိတ်ကုသဖို့ ဖိတ်ခေါ်ပါတယ်။ ခွဲစိတ်ဖို့အတွက် နှုတ်ခမ်းကွဲ ကလေးငယ်ဆိုရင် (၁၀)ပတ်၊ အာခေါင်ကွဲဆိုရင် (၁၀)လ သက်တမ်းရှိတဲ့ ကလေးငယ်များကို လက်ခံပါတယ်။ ဒီအချိန်က တုတ်ကွေးရာသီဆိုတော့ အဆုတ်မကောင်း၊ သွေးအားမပြည့်တာကြောင့် ခွဲစိတ်ဖို့ အခက်အခဲရှိတဲ့အတွက် ရန်ကုန်ကို တစ်လကြိုပြီး ခေါ်ရပါတယ်။ ကလေးဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ ကျန်းမာရေး ဆောင်ရွက်မှုကိုလည်း စီမံပေးပါတယ်။ နယ်ကလာချင်ပေမယ့် ခရီးစရိတ် မတတ်နိုင်သူတွေရှိတာကြောင့် ကလေးနဲ့ မိခင်အတွက် ခရီးစရိတ်၊ နေထိုင်ဖို့နဲ့ စားသောက်ဖို့ကအစ စီစဉ်ပေးပါတယ်ဟု ဝိတိုရိယ ကျန်းမာရေး ထောက်ပံ့ကူညီစောင့်ရှောက်မှု ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဒေါ်အေးအေးစမ်းက ပြောသည်။

 

ထိုသို့ ခွဲစိတ်ကုသပေးနိုင်ရန် နယ်အသီးသီးရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအား ခွဲစိတ်မည့် ဆေးရုံနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပြီး ဆက်လက်ခွဲစိတ်လိုသော ကလေးငယ်များအတွက် ဝိတိုရိယ ကျန်းမာရေး ထောက်ပံ့ကူညီစောင့်ရှောက်မှု ဖောင်ဒေးရှင်းသို့ ကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

တစ်ကမ္ဘာလုံးရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အမေရိကန်နိုင်ငံရှိ Alliance for Organization အဖွဲ့မှ ခွဲစိတ် ကုသပေးလျက်ရှိပြီး ထိုအဖွဲ့တွင် နိုင်ငံပေါင်းစုံမှ ဆရာဝန်များကို စိစစ်ရွေးချယ်ထားခြင်းဖြစ်ရာ အမေရိကန်နိုင်ငံတွင် အခြေစိုက်သော ထိုအဖွဲ့မှ ဝိတိုရိယဆေးရုံကြီးတွင် ကလေးငယ် (၁၂၀)ခန့်ကို (၇)ကြိမ်မြောက် ခွဲစိတ်ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး              

 

01 အမေရိကန်နိုင်ငံရှိ Alliance  for Smiles အဖွဲ့မှခွဲစိတ်ဆရာဝန်များမှမိတ်ဆက်ပြောကြားစဉ်။