မြန်အောင်  ၁၄   အောက်တိုဘာ

မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာအုပ်စု ရွှေကျင်ကျေးရွာတွင် ယနေ့ ညနေ ၃ နာရီခွဲမှ ည‌ ၆ နာရီ ၁၅ မိနစ်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့နှင့် နယ်မြေရဲစခန်းဝင်းအတွင်းရှိ လူနေရန်မသင့်၍ ဖျက်ဆီးခွင့် တင်ပြထားသော လေးခန်းတွဲ အိမ်ထောင်သည်လိုင်းခန်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း ရွှေကျင်နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရွှေကျင်ကျေးရွာနေ ဦးသိန်းဝင်း၏ သုံးပင်ပတ်လည် သွတ်မိုး ထရံကာ ပျဉ်ခင်း နေအိမ်ပေါ်သို့ မကျည်းပင်လဲကျခြင်း၊  ရွှေကျင်နယ်‌မြေရဲစခန်းဝင်း အတွင်းရှိ လူနေရန်မသင့်၍ ဖျက်ဆီးခွင့် တင်ပြထားရှိသော အလျား ၆၀ ပေ၊ အနံ ၂၃ ပေ၊ အမြင့် ၁၆ ပေ၊ သွတ်မိုးထရံကာ ပျဉ်တိုင် ပျဉ်ခင်း (၄) ခန်းတွဲ အိမ်ထောင်သည် လိုင်းခန်းအမှတ် ၃ နေအိမ်လိုင်းခန်း ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

၄+

အဆိုပါ ဖြစ်စဉ်ကြောင့် နယ်မြေရဲစခန်း စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)