ဂန့်ဂေါ  ၁၅    အောက်တိုဘာ

 

ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာရှိ မိုးစပါး စံပြစိုက်ခင်းများတွင် ဂန့်ဂေါခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ်၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်မာဖြိုးနှင့် ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပိုးမွှားကင်းထောက်ခြင်းနှင့် အဝါရောင်စေးကပ်ထောင်ခြောက်များ စိုက်ထူခြင်းလုပ်ငန်းကို  ယမန်နေ့ က ဆောင်ရွက်ကြသည်။

 

အဆိုပါ ကျေးရွာ၌ ၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီတွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာအဖြစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ထားပြီး ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံနှင့်အဖွဲ့က လာရောက်လေ့လာကြသည့် တောင်သူများအား အဝါရောင် စေးကပ် ထောင်ချောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 “ ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာအရ စားသုံးသူများ ဘေးအန္တရာယ် ကင်းဝေးစေရေး ပိုးသတ်ဆေး သုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ် ” ဟု ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ်က ပြောသည်။

 

စီးပွားရေးအရ ထိခိုက်နိုင်သည့် ပမာဏထက် ဖျက်ပိုးဦးရေ ပိုများလာမှသာ ပိုးသတ်ဆေး ကို ပက်ဖြန်းရမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ ထိခိုက်နိုင်သည့်ပမာဏအောက်တွင်မူ အခြား နည်းများဖြင့် ကာကွယ်နှိမ်နင်းရမည် ဖြစ်ကြောင်းနှင့် ဖျက်ပိုးကျရောက်မှု အခြေအနေကို သိရှိ နိုင်ရန် ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

(၁၄၄)