တနင်္သာရီ ၁၅ အောက်တိုဘာ
(၈၆၆)နှစ်မြောက်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သော ရိုးရာနဂါးလှေအလှပြ လှော်ခတ်ပူဇော်ပွဲ အခမ်းအနားနှင့် စုပေါင်းမဟာဘုံကထိန်ပွဲကို အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်ကျော် ၄ ရက်) နံနက် ၆ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိချောင်းကြီး ကျောင်းတိုက်နှင့် တနင်္သာရီမြစ် အတွင်း၌ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်ထိန်းထိမ်းမြှင့်တင်ရေးအဖွဲ့ဥက္ကဌ ဉီးသန်းစိုးဝင်းထံမှ သိရသည်။
အဆိုပါ နဂါးလှေသဘင်ပွဲတော်ကို တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက် ပဓာန သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တပညာဒီပ၏ ဩဝါဒကိုခံယူလျှက် မြို့သူမြို့သားများ၊ပွဲတော်ကျင်းပရေးအဖွဲ့ဝင်များ၊ အလှူရှင်များမှ ပူးပေါင်း ၍ ကျင်းပခြင်းဖြစ်ပြီး တနင်္သာရီမြို့နယ်၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းလိုသော ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက်ကျင်းပမြဲဖြစ်သည့် ချောင်းကြီးကျောင်းတိုက်၏ စုပေါင်း မဟာဘုံကထိန် ပွဲတော်တွင် နဂါးလှေတော်ခြောက်စင်းဖြင့် အလှပြလှော်ခတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။
နဂါးလှေသဘင်ပွဲသည် တနင်္သာရီမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပြီး ရှေးမြန်မာမင်းများ လက်ထက်က ရေခင်းသဘင်ပုံစံဖြင့် ကျင်းပခဲ့ရာတွင် နဂါးလှေများစွာရှိခဲ့ကြောင်းနှင့် ကော်ဇာသက္ကရာဇ် (၅၁၅)ခုနှစ်တွင် တနင်္သာရီမင်းဖြစ်သော ဗျန်စက္ကပိတ်မင်းကြီးလက်ထက်မှ စတင်ပေါ်ပေါက်ခဲ့ရာ ယခုအခါနှစ်ပေါင်း (၈၆၆) နှစ်ရှိပြီးဖြစ် သည်။
"ကျွန်တော်တို့နဂါးလှေပွဲကိုနှစ်စဉ်ကျင်းပလာခဲ့တာအခုဆိုရင်(၈၆၆)နှစ်ရှိပါပြီ။ ဒီနှစ်မှာလည်း ချောင်းကြီးကျောင်း တိုက်ဆရာတော်ကို ဦးခိုက်တဲ့အစီအစဉ်နဲ့ တနင်္သာရီမြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရား များဖြစ်တဲ့ နဝထပ်၊မြဝတ်ဆင်၊ ဝင်္ဂဘာ၊ လေသာနန်းဉီးစေတီတော်များကို တနင်္သာရီမြစ်ထဲ့မှလက်ယာရစ်ပတ် ဉီးခိုက် ပူဇော်လှော်ခတ်ပူဇော်တဲ့ အစီအစဉ်တွေပါဝင်ပြီးမြို့ကိုလက်ယာရစ် အလှပြလှော်ခတ်ပြသသွားပါမယ်၊ ဒီနှစ်မှာ ထူးခြားတဲ့အစီအစဉ်တစ်ခုပါပါတယ်။
ဒီအစီအစဉ်ကတော့တနင်္သာရီမြို့နယ်အတွင်းကသိမိသမျှနဂါးလှေတော်များစာတမ်းများကိုလည်းမြစ်အတွင်းမှာဖတ်ကြားသွားပါမယ်၊နဂါးလှေတော်လှော်ခတ်ပူဇော်ပွဲကိုရှေးခေတ်၏ဖွဲ့စည်းပုံအတိုင်းလှေတော်လှော်ခတ်ပူဇော်ခြင်းနဲ့ ဧဇာယဉ်ကျေးမှုအမွေအနှစ်ကိုလည်းဖော်ထုတ်ပြသသွားပါမယ်" ဟု တနင်္သာရီမြို့နယ်စာပေနှင့်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ဥက္ကဌဦးသန်းစိုးဝင်းကပြောကြားသည်။
ယခုအခါ တနင်္သာရီမြို့တွင် ရွှေနန်းသာရီနှင့်ငွေနန်းသာရီနဂါးလှေတော်နှစ်စင်းနှင့် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာတွင် ရန်ကြီးအောင်၊ပတ္တမြားသွယ်၊ စိန်ပန်းသွယ်နှင့်မြကြီးအောင်စသည့် နဂါးလှေတော်လေးစင်း၊စုစုပေါင်းနဂါးလှေတော်ခြောက်စင်းသာကျန်ရှိတော့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်ဒေသခံများကလည်းအစဉ်အလာမပျက်သမိုင်းအမွေအနှစ်တစ်ခုအနေဖြင့်ထိန်းသိမ်းထားရှိပြီးယင်းနဂါးလှေတော်ကိုစကားသားသစ်အနွယ်ဝင်(စကားရွှေဝါ၊စကားစံပ္ပယ်၊စကားကောင်မုသား)စသည့်သစ်တစ်လုံးတည်းဖြင့်နဂါးလှေထွင်းပညာရှင်များကမျဉ်းရိုက်၊လှေထွင်း၊ဝမ်းတော်ကြိုး ဂလိမ်ကြီးနှင့် ဂလိမ်ငယ်ကြိုးများ၊ ခနင်း၊ လှေဖုံးစသည့်တိုကိုသံထည်သံစမပါဘဲ သစ်သားစို့၊ကြိမ်ကြိုးဖြင့်သာ အဆင့်ဆင့်ပြုလုပ် ထွင်းထုထားကြောင်းနှင့်အဆိုပါနဂါးလှေတော်များတွင်လှေလှော်သား(၁၄)ဦးမှ (၄၂)ဦးအထိ ပါဝင်ကာ ညီညီညွတ်ညွတ်ဖြင့်စုပေါင်းလှော်ခတ်ရကြောင်းသိရသည်။
မြင့်ဉီး(မြိတ်)


