ဆိုးလ် ၁၅  အောက်တိုဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့သို့ ရောက်ရှိပြီး မွန်းတည့် (၁၂)နာရီတွင် ဆိုးလ်မြို့ရှိ Hilton Hotel Grand Ballroom ၌ ကျင်းပသော ASEAN-Korea Train အစီအစဉ် ကြိုဆိုပွဲအခမ်းအနား သို့   တက်ရောက်သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ASEAN-Korea Centre မှ Secretary General Mr. Lee Hyuk နှင့်  ဖိလစ်ပိုင်နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ Assistant Secretary Mr. Reynaldo Lacao Ching တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ASEAN-Korea Train မှတ်တမ်းဗီဒီယိုပြသသည်။

 

4

 

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

 

 ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိုးလ်မြို့ Yeouido တွင် တည်ရှိသည့် KBS Hall     ( Korean Broadcasting System) တွင် ပြုလုပ်သော  KBS Open Concert နှင့် ASEAN-Korea Train အစီအစဉ်အား ကြိုဆိုသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

 

ဖွင့်ပွဲနှင့် ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဉီးသန့်စင်  ၊  အဖွဲ့ဝင်အဖြစ်လိုက်ပါသွားသော  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့် ကျော်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ချော ချောစိန်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အလုပ်အမှုဆောင်ဒေါက်တာ စိုးထွန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် မျိုးထွဋ်နိုင် (ခ) ခါရာ၊ ဧရာဝတီတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီဝင် ဦးမျိုးသူရကိုကိုနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင် သန့်လွင်ဦး (ခ) စူးရှရှင်းသန့် တို့ တက်ရောက်ကြသည်။

 

 (သတင်းစဉ်)