ပင်လည်ဘူး  ၁၅ အောက်တိုဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့နယ် အောင်အောင်းကုန်းကျေးရွာတွင် သီတင်းကျွတ် လပြည့်ကျော် ၁ရက်နေ့ အောက်တိုဘာ ၁၄ ရက်နေ့ည  အနန္ဒသုခ စေတီတော်မြတ်အား (၈) ကြိမ်မြောက် ဆီမီးများ ထွန်းညှိပူဇော်ပွဲကျင်းပရာ ဆီမီးများ ဆက်ကပ်လှူဒါန်းထွန်းညှိပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း  သိရသည်။

 

ပင်လည်ဘူးမြို့နယ်အောင်အောင်းကုန်းကျေးရွာ အနန္ဒသုခ စေတီတော်မြတ်အားဆီမီးပူဇော်ပွဲကို ည ၆ နာရီတွင် စတင်ဆီမီးများထွန်းညှိပူဇော်ရာ ဆီမီးများကို အနန္ဒသုခ စေတီတော်ရင်ပြင်နှင့် စေတီတော်ရင်ပြင်ရှေ့ ဘောလုံးကွင်းအတွင်း ဆီမီးခွက် ၃၅၀ဝ ကျော်ဖြင့် ဆီမီးခွက်အလှပုံများ ပြုလုပ်ဖန်တီးပြီး ထွန်းညှိပူဇော်ခဲ့သည်။

 

ထို့အပြင် လာရောက်ဆီမီးပူဇော်သူများ အမောပြေ ကြည့်ရှုခံစားစေရန်အတွက် မြန်မာ့ရိုးရာဒိုးပတ်ဝိုင်း အဆို အကများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပြီး စတုဒီသာ အာဟာရမုန့်များဖြင့် ဒါနပြုကျွေးမွေးခဲ့ကြသည်။ အဆိုပါဆီမီး ပူဇော်ပွဲသို့ ကားများ၊ သုံးဘီးဆိုက်တွဲယာဉ်များ၊ ဆိုင်ကယ်များဖြင့် လာရောက်ပြီး ဆီမီးပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)