ပြည်တွင်းရွှေဈေး ဆယ့်နှစ်သိန်းဝန်းကျင်အထိ ဆက်လက်ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှ င်များ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင် က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ကျပ် ၁၃ သိန်းကျော်အထိ ဖြစ်ပေါ်ခဲ့သော ပြည်တွင်းရွှေဈေးမှာ အောက်တိုဘာ ၁၅ ရက်တွင် ၁၂ သိန်း ၂ သောင်းငါးထောင်အထိ ကျဆင်းလာခဲ့ကာ ဆက်လက်၍လည်း ကျဆင်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
"ပြည်တွင်းရွှေဈေး ကျဖို့အနေအထားကတော့ရှိတယ်၊ လက်ရှိ အတိုင်းကတော့ ဖြည်းဖြည်းခြင်း ဆယ့်နှစ်သိန်းလောက်ထိ ဆက်ကျမယ်လို့ ထင်တယ်"ဟု ဦးအုန်းမြိုင် က ပြောသည်။
ထို့ပြင် ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေးပေါ်တွင် မူတည်နေပြီး လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၉၃ ဒေါ်လာရှိကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
လက်ရှိ ပြည်တွင်းရွှေဈေးသည် အကျဘက်တွင် ရှိနေသည့်အပြင် ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်တွင်းရွှေဈေးကွက်တွင် သြဂုတ် ၇ ရက်ကစ၍ အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၁၂ သိန်းကျော်အထိ ဈေးနှုန်းမြှင့်တက်ခဲ့ပြီး ဆက်လက်မြှင့်တက်ခဲ့ရာ စက်တင်ဘာ ၅ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၁၃၀ဝ၀ဝ၀ ကျော်ဖြင့် စံချိန်သစ်ဈေးသို့ ရောက်ရှိလာခဲ့ကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးနှုန်းထားဖြစ်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်သစ်များ ထပ်ခါထပ်ခါ ချိုးလာခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀ဝ၀ဝ၀ဝ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀ဝ၀ဝ၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀ဝ၀ဝ၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ဆက်လက်၍ တဖြည်းဖြည်း မြင့်တက်လာရာ စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀ဝ၀ဝ၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဇူလိုင်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၀၉၉၀ဝ၀ (ဇူလိုင် ၁ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၁၄၉၄၀ဝ (ဇူလိုင်၃၁ ရက်)၊ သြဂုတ်တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၄၂၀ဝ၀ (သြဂုတ် ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၆၀၅၀ဝ (သြဂုတ် ၂၉ ရက်)နှင့် စက်တင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၂၃၈၀ဝ (စက်တင်ဘာ ၁၄ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၃၀၇၀ဝ၀ (စက်တင်ဘာ ၅ ရက်)တို့ဖြစ်ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
Nyein Nyein


