မန္တလေး ၁၅ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာတွင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်၌ တိုင်ကြားမှုပေါင်း ၁၆၄ မှုထိရှိကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက သိရသည်။
ယခင် ၂၀၁၇- ၂၀၁၈ ခုနှစ်အတွင်းတွင် စာသုံးသူရေးရာသို့ လာရောက်တိုင်ကြားသည့် အမှုပေါင်း ၃၈ မှုသာရှိခဲ့ရာ ယခု ဘဏ္ဍာနှစ်ကာလအတွင်း တိုင်ကြားမှုပေါင်း ၁၆၄ မှုထိရှိလာကြောင်း သိရသည်။
"ဧပြီကနေ စက်တင်ဘာအထိ တိုင်ကြားထားတဲ့အမှုတွေပါ။ တိုင်ကြားတာတွေ များလာတဲ့ အနေအထားဖြစ်တယ်။ အရင်က ပြည်သူတွေအနေနဲ့ အဆင်မပြေရင် တိုင်ရကောင်းမှန်း မသိတာလည်းဖြစ်မယ်။ အများဆုံးတိုင်ကြားခံရတဲ့ အမှုက ဝန်ဆောင်မှုတွေဖြစ်တယ်" ဟု မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားကုန်စည်ရောင်းဝယ်မှုများတွင် စားသုံးသူဘက်မှ ကျေနပ်မှုမရှိပါက စာသုံးသူရေးရာ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင် တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက သိရသည်။
အဆိုပါ ခြောက်လတာကာလအတွင်း တိုင်ကြားမှုပေါင်း ၁၆၄ မှု၌ ကုန်စည်ရောင်းဝယ်မှု ၁၆ မှု၊ ဝန်ဆောင်မှု ၂၉ မှုရှိခဲ့ပြီး ဆက်သွယ်ရေးမှုတွင် ၁၁၉ မှု ရှိခဲ့ကြောင်း သိရသည်။
ယင်းအမှုများတွင် ဖြေရှင်းပေးရန်ကျန်သည့် အမှုများမှာ ဝန်ဆောင်မှုတွင် ၁ မှု၊ ဆက်သွယ်ရေးတွင် ၁ မှုတို့သာ ဖြေရှင်းပေးရန်ကျန်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက သိရသည်။
သူရိန်လင်း


