မန္တလေး ၁၅ အောက်တိုဘာ

 

မန္တလေးမြို့တွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် World Wide Fund for Nature (WWF) တို့ ပူးပေါင်း၍ SME လုပ်ငန်းများ ချေးငွေရယူနိုင်ရန် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးမြို့ရှိ SME လုပ်ငန်းရှင်များ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်အတွက် ချေးငွေရယူ လျှောက်ထားနိုင်သည့် အခွင့်အလမ်းများ ဆွေးနွေးပြောကြားမည့် SME လုပ်ငန်းများအတွက် အစိမ်းရောင် ဘဏ္ဍာရေးအလုပ်ရုံဆွေးနွေးပွဲကို လာမည့် အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ မန္တလေးမြို့ Yadanarpon Supercenter 4th floor, Ruby Room ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

"လုပ်ငန်းတွေအနေနဲ့ မိမိတို့လုပ်ငန်းလုပ်ကိုင်ရင်း သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်းရာရောက်တဲ့ အစီအစဉ်ကောင်းတွေရှိနေပြီး လက်တွေ့ အကောင်အထည်ဖော်ဖို့ရာ ခက်နေတယ်ဆိုရင်တော့ အခု Green Financing ဆွေးနွေးပွဲကို တက်ရောက်သင့်ပါတယ်" ဟု အဆိုပါဌာန ဌာနခွဲမှူး ဒေါ်အိအိခိုင်က ပြောသည်။

 

အဆိုပါ Green Financing သည် သဘာဝစီမံကိန်းနှင့် A Bank ၊ CB Bank ၊ MAB Bank ၊ MCB Bank MoU လက်မှတ်ရေးထိုး၍ စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်း ဆောင်ရွက်သည့် SME များအနေဖြင့် ရေဆိုးစီမံခန့်ခွဲခြင်း၊ အညစ်အကြေး စီမံခန့်ခွဲခြင်း၊ စွမ်းအင်လုံလောက်စွာသုံးစွဲခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံးစွဲခြင်း၊ ကုန်းမြေနှင့် သစ်တောပြုန်းတီးမှု ကာကွယ်ခြင်း၊ လေထုကာကွယ်ခြင်း၊ အသံဆူညံမှု ကာကွယ်ခြင်းစသည့် နယ်ပယ်များကို ဆောင်ရွက်ရာတွင် ချေးငွေများရရှိရေး ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

 

ချေးငွေထုတ်ပေးရာတွင် ၂၀ ရာခိုင်နှုန်းကို လုပ်ငန်းရှင်ကထည့်ဝင်၍ ကျန် ၈၀ ရာခိုင်နှုန်းကို ချေးငွေထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

 

သူရိန်လင်း