ဘားအံ ၁၅ အောက်တိုဘာ

 

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်တည် တိုးတက်လာသည်နှင့်အညီ နယ်မြေတည်ငြိမ် အေးချမ်းလာသည်နှင့်အမျှ သဘာဝရေမြေတောတောင် အလှအပရှုခင်းများ၊ တန်ခိုးကြီးဘုရားများ၊ ရှေးဟောင်းထုံးကျောက် လိုဏ်ဂူတော်များ၊ သာသနိကအဆောက်အအုံများ၊ ရေတံခွန်များ၊ အပန်းဖြေ အနားယူရန်နေရာများ ပေါများသည့်ပြည်နယ်တစ်ခုဖြစ်သည့်အတွက် သီတင်းကျွတ် အားလပ်ရက်များတွင် ခရီးသွား ဘုရားဖူးအပန်းဖြေ လာရောက်လည်ပတ်သူများ အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

 

အထူးသဖြင့် ဘားအံမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများနှင့် ပတ်ဝန်းကျင်ဒေသရှိ ဘုရင့်ညီဂူ၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ လင်နို့ဂူ၊ ကြောင့်ကမ်လာဘ်၊ ချစ်သူမြိုင်အပန်းဖြေဉယာဉ်၊ လုမ္မနီဥယျာဉ်၊ ဇွဲကပင်တောင်၊ ရေတံခွန်၊ ကော့ကသောင်ဂူ၊ ဗုဒ္ဓဂါယာဥယာဉ်၊ ဣစာသယလိုဏ်ဂူ၊ ထွန့်ပတိုင်ကန်တော် အစရှိသည့် အထင်ကရနေရာများတွင် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

 

မြန်မာသက္ကရာဇ်(၄၁၉)နှစ် (အေဒီ-၁၀၅၇) အနော်ရထာမင်းလက်ထက် သထုံပြည်ကို တိုက်ခိုက်သိမ်းယူချိန် သထုံ မနူဟာမင်းကြီး၏ သားတော်နှစ်ပါးဖြစ်သော သီဟကုမ္မာရနှင့် စိတ္တကုမ္မာရ မင်းသားနှစ်ပါး ရှောင်တိမ်းထွက်ပြေးခိုလှုံရာမှ အစွဲပြုအမည်တွင်သော ရှေးကျသော ဘုရင့်ညီနောင်လိုဏ်ဂူတွင် ကိန်းဝပ်စံပယ်လျက်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီတော်၊ ရုပ်ပွားတော်များ၊ ရှေ့ဟောင်းဂဝံအုပ်ချပ်ကြီးများ၊ လက်ရေးစင်အမှတ်အသားပါ အုပ်ချပ်ကြီးများ၊ ကျောက်ကပ်ဘုရားများကို လာရောက်ဖူးမျှော်သူများ စည်ကားလျက်ရှိသကဲ့သို့ နွေ၊ မိုး၊ ဆောင်း အဆက်မပြတ်စီးဆင်းနေသော သဘာဝရေပူစမ်းပေါက်ကြီးနှင့် ရေအေးစမ်းပေါက်တို့မှ ရေပူရေအေးများ ရောနှောခြင်းမရှိ တစ်ခြမ်းစီထွက်ရှိ စီးဆင်းနေမှုအား ကွန်ကရစ်ရေကန်များဖြင့် ကာရံ၍ ရေချိုး၊ ရေးကူးသူများဖြင့် စည်ကားလျက်ရှိသည်။

 

ထို့အတူ သမိုင်းတန်ဖိုးကြီးမားသော ရှေ့ဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီး၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းရှိ အုတ်ကျောက်၊ အင်္ဂတေ၊ သစ်သားတို့ဖြင့် ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ အနေအထားအမျိုးတို့ဖြင့် ထုလုပ်စီမံထားသော ဆင်းတုတော်များ၊ ရုပ်လုံးရုပ်ကြွများ၊ ကျောက်ကပ် အုတ်ခွက်ဘုရားများ၊ မင်စာဟုထင်ရသည့် ရှေးဟောင်းစာများ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူရုပ်ပွားတော်များကို လာရောက်ဖူးမျှော်သူများ အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

 

mdn

 

အလားတူ လိုဏ်ဂူအတွင်းကျောက်အမိုးပေါက်တစ်ခုရှိပြီး ရသေ့တစ်ပါးတောင်ကိုဖောက်၍ ကောင်းကင်သို့ ဈာန်ဖြင့် ပျံတက်သွားသောကြောင့် ရသေ့ပျံတောင်ဟု ခေါ်တွင်သည့် ရသေ့ပျံဂူတွင် ဗုဒ္ဓဉာဏရသေ့မြတ်သီတင်းသုံး နေထိုင်ခဲ့သည်ဟု အဆိုရှိပြီး ဂူအတွင်း ရသေ့တရားအားထုတ်ခဲ့သော ကျောက်ဖျာ၊ တောင်ကိုထွင်းဖောက်သွားသော ကျောက်အမိုးပေါက်၊ ရသေ့ဆေးထောင်းခဲ့သော ကျောက်ဆုံ၊ ရသေ့မှောက်သွားသော ဆေးသွေးကျောက်ပြင်ကြီးတို့ကို လာရောက်ကြည့်ရှု လေ့လာကြသည့် ဘုရားဖူးခရီးဧည့်သည်များ အထူးစည်ကားသကဲ့သို့ လုမ္မနီဥယျာဉ်မှ ဗုဒ္ဓရုပ်ပွားတော်များအား လာရောက်ဖူးမျှော်သူများ၊ အမြင့်ပေ ၂၃၇၂ ပေရှိ ဇွဲကပင်ဆံတော်ရှင်စေတီသို့ ရှုမျှော်ခင်းကြည့် တက်ရောက်ဘုရားဖူးသူများလည်း အထူးစည်ကားလေသည်။

 

ထို့အပြင် ဘားအံမြို့၏ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ အထင်ကရနေရာများတွင် ဘုရားဖူးလာရောက်လည်ပတ်သူများအား စတုဒီသာအာဟာရ ကျွေးမွေးကုသိုလ်ပြုကြသူများ၊ ခရီးတစ်ထောက် ဝင်ရောက်နားခို သုံးဆောင်ကြသူများဖြင့် စည်ကားလျက်ရှိသည်ကိုလည်း မြင်တွေ့ရသည်။

 

mdn

 

ရန်ကုန်မြို့မှ ဘုရားဖူးလာရောက်လည်ပတ်သည့် MPT Jo Joint Oprtations တွင်လုပ်ကိုင်သူ မနွယ်နီဝင်းက “အမျိုးတွေစုပြီး ဒီဘက်ကို ဘုရားဖူးထွက်လာတာပါ၊ ဘားအံကို ခုမှပထမဆုံးအခေါက် ရောက်ဖူးတာပါ၊ ဘားအံထဲကို နှံ့အောင်လျောက်သွားမည်လို့ ရည်ရွယ်ပါတယ်၊ လုပ်ငန်းခွင်(ရုံးချိန်)မှာ တာဝန်တွေနဲ့ ပိနေတဲ့အတွက်ကြောင့်မို့လို့ စိတ်က ဖိအားတွေများတာပေါ့နော်၊ ခုလိုမျိုးရုံးပိတ်ရက် (အားလပ်ရက်) လေးမှာ အပန်းဖြေခရီး ထွက်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ရဲ့စိတ်မှာလည်း ဖိအားတွေကို ပြေပျောက်ပြီးသားဖြစ်သွားတယ်၊ ကိုယ့်ရဲ့မိသားစုဆွေမျိုးညီအစ်ကို မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားလိုက်ရတဲ့အတွက်ကြောင့် ပိုပြီးပျော်စရာကောင်းပြီးတော့ အားလပ်ရက်ကုန်လို့ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်တဲ့အခါမှာလည်း စိတ်သစ်၊ လူသစ်၊ ခွန်အားအသစ်တွေနဲ့ လန်းလန်းဆန်းဆန်းနဲ့ ပိုပြီးတော့တာဝန်တွေကို ထမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်” ဟုပြောသည်။

 

mdn

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ နော်အိခိုင်ဇင်က “ညီမက Mytel မှာ အလုပ်လုပ်ပါတယ်၊ ဘားအံကို ရောက်တာ(၂)ရက်ရှိပါပြီ၊ ဆန္ဒန်ဂူနဲ့ ချစ်သူမြိုင်အပန်းဖြေဥယာဉ်ကို ရောက်ခဲ့ပြီးပြီ၊ အခုဇွဲကပင်တောင်ပေါ်ကနေ ပြန်ဆင်းလာတာပါ၊ ဇွဲပင်တောင်ကို မနက်စောစော ၅ နာရီလောက်က လာတက်တာ၊ ဒူးတွေတော့အရမ်းတုန်တယ်၊ မောလည်းမောတယ်၊ ပျော်လည်းပျော်တယ်၊ ညီမတို့ အလုပ်ပိတ်တဲ့ ကျောင်းပိတ်တဲ့သူငယ်ချင်းတွေ စုပြီးတော့လာတာပါ၊ ဘားအံမြို့ရဲ့ အထင်ကရ နေရာတွေကို စုံလင်အောင်သွားရောက်လည်ပတ်အုံးမယ်၊ ရိုးသားဖော်ရွေတဲ့ ကရင်တိုင်းရင်းသား လူမျိုးတွေကို အများကြီးမြင်တွေ့ခဲ့ရတယ်၊ အိမ်တွေ၊ လမ်းတွေမှာ ဆိုင်းဘုတ်တွေမှာ ကရင်လို ရေးထားတာတွေ၊ ကရင်အလံ စိုက်ထားတာတွေ အများကြီးမြင်ခဲ့ရတယ်၊ ညီမတို့ဘက်မှာတော့ သိပ်မတွေ့ရဘူးပေါ့နော်၊ ဒီကရှုခင်းတွေက စိမ်းစိုလှပပြီး သဘာဝအတိုင်းဘဲ တည်ရှိနေသေးလို့ မလာရသေးတဲ့ အနယ်နယ်အရပ်ရပ်က ဆွေမျိုးညီကိုမောင်နှမတွေကို လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟုပြောသည်။

 

mdn

 

ကျောင်းဈေးရောင်းသူ ဒေါ်သီသီးအေးက “ဆင်ကူးမြို့နယ်၊ လက်ပံလှ၊ မန္တလေးတိုင်းဒေသကြီးက လာရောက်တာပါ၊ မိသားစုလိုက် အားလုံး ၂၁ ယောက် ဘုရားဖူးခရီးထွက်လာတာ၊ ဘုရားစုံဖူးပြီး ခုဇွဲကပင်တောင်ကို တက်ပြီးလို့ ပြန်ဆင်းလာတာပေါ့နော်၊ စတက်ပြီဆိုကတည်းက မောတာပါဘဲ တက်ရတာလည်းချွေးကိုစွဲလို့၊ မနက် ၅ နာရီခွဲလောက်ကတက်သွားတာ တောင်ထိပ်ကို ၇ နာရီခွဲလောက် ရောက်သွားတယ်၊ တောင်ပေါ်ရောက်လို့ ဇွဲကပင်ဆံတော်ရှင်ဘုရားကို ဖူးလိုက်ရတဲ့ အခါကျတော့ မောတာပန်းတာတွေအားလုံး ပျောက်သွားတယ်၊ အရမ်းကိုကြည်နူးပီတိ ဖြစ်ရပါတယ်၊ ပြန်းဆင်းတဲ့အခါကျတော့ ဒူးနဲနဲတုန်တယ်၊ စိမ်းလန်းစိုပြေတဲ့ တောတောင်ရေမြေအနေအထားတွေ၊ ကျွန်မတို့ဘက်မှာမရှိတဲ့ အဝတ်အထည်၊ အစားအသောက်တွေကို မြင်တွေ့စားသောက်ရတဲ့အတွက် ထူးဆန်းတဲ့တန်ဖိုးရှိတဲ့ ခရီးစဉ်လေးတစ်ခုဖြစ်ခဲ့ပါတယ်” ဟု ပြောသည်။

 

mdn

 

ပဲခူးကျောက်တန်းမှ လက်ရက်ကန်းလုပ်ကိုင်သူ အန်တီလေးက “တူမလေးတွေအလုပ်ပိတ်ရက် မိသားစုလိုက် ဘုရားဖူးခရီး ထွက်လာတာပါ၊ အားလုံးပေါင်း(၁၀)ယောက်၊ ဇွဲကပင်တောင်၊ ဆန္ဒန်ဂူ၊ ကြောင့်ကမ်လာဘ် ရောက်ခဲ့ပြီးပါပြီ၊ ခု ကော့ဂွန်းဂူပေါ့နော်၊ ဆက်သွားဖို့လည်း အစီအစဉ်ရှိပါသေးတယ်၊ အမတို့ဒေသနဲ့ ဒီဘက်ကဒေသ မတူတာတွေကတော့ အများကြီးဘဲ၊ အရမ်းပျော်ဖို့ကောင်းတယ်၊ ကုသိုလ်တွေလည်း အများကြီးရတယ်၊ အနယ်နယ်အရပ်ရပ်က မရောက်ဖူးသေးတဲ့သူတွေ ဒီဘက်ကို လာရောက်ဘုရားဖူးကြပါ၊ လုံးဝကျေနပ်ပျော်ရွှင်ပြီးတော့ ကုသိုလ်တွေအများကြီးရမှာပါ” ဟု ပြောသည်။

 

mdn

 

ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများသည် ဆက်သွယ်သွားလာရလွယ်ကူသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ သွားလာရာလမ်းခရီးတစ်လျှောက်တွင် ဒေသခံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မြင်တွေ့နိုင်ခြင်း၊ ရိုးသားဖော်ရွေမှုရှိခြင်း၊ ပျူငှါယဉ်ကျေးခြင်း၊ ဒေသ၏ အဝတ်အထည်၊ အစားအသောက်များကို လွယ်လင့်တကူဝယ်ယူစားသောက်နိုင်ခြင်း၊ တည်းခိုနေထိုင်ရန် နေရာထိုင်ခင်း အလုံအလောက်ရှိခြင်း၊ သမိုင်းဝင်အမွေအနှစ်များအား အလွယ်တကူလေ့လာနိုင်ခြင်း၊ အေးချမ်းသာယာခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ နေစဉ်ဝင်ထွက် သွားလာလျက်ရှိကာ ယခုကဲ့သို့ သီတင်းကျွတ်အားလပ်ရက် (ရုံးပိတ်ရက်) များနှင့် အခါကြီး ရက်ကြီးများ၊ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် လာရောက်လည်ပတ်သူ ပိုမိုများပြား၍ အထူးပင်စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

mdn