မြစ်ကြီးနား ၁၅ အောက်တိုဘာ
စင်ကာပူနိုင်ငံ SingHealth ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Myanmar Kindness Foundation တို့ ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အောက်တိုဘာ နောက်ဆုံးပတ်အတွင်း မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီလိုခွဲစိတ်ပေးတာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်တုန်းက အမေရိကန်နိုင်ငံက ဆရာဝန်တွေနဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၈၀ ကျော်ကို ကျွန်တော်တို့ ဖောင်ဒေးရှင်းနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကုသပေးနိုင်ခဲ့ပါတယ်။ လာရောက်စာရင်းပေး ကုသတဲ့လူနာတွေအတွက် ကျန်းမာရေး စစ်ဆေးမှုကအစ ခွဲစိတ်ကုသပြီးတဲ့အထိ နေရေး၊ စားရေး အားလုံးအခမဲ့ ကုသနိုင်အောင် ဆောင်ရွက်ထားပေးပါတယ်။ ကျွန်တော်တို့ ဒေသကနေ ရန်ကုန်၊ မန္တလေးကိုသွားပြီး ကုသမယ်ဆိုရင် ကုန်ကျမှုအများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်က ဝေးလံခေါင်ဖျားဒေသနဲ့ ပြည်နယ်အတွင်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေ စိတ်အေးချမ်းသာစွာ ကုန်ကျမှုမရှိဘဲ ကုသမှု ခံယူနိုင်အောင် စီစဉ်ထားပါတယ်” ဟု ခွဲစိတ်ကုသပေးမည့် အစီအစဉ်အပေါ် Myanmar Kindness Foundation မှ ဦးဖော်ဝုန် နော်လီက ပြောသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအနေဖြင့် စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားကာ Myanmar Kindness Foundation ၏ ဖုန်းနံပါတ်များဖြစ်သည့် ဝ၉-၄၀၁၈၀ဝ၃၆၉၊ ဝ၉-၈၉၇၈၀၇၉၃၇၊ ဝ၉-၄၀ဝ၀၅၄၇၉၆ တို့ကို ဆက်သွယ်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ကေကေ
Photo; Myanmar Kindness Foundation


