နေပြည်တော် ၁၅ အောက်တိုဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ လမ်းဦးစီးဌာနမှ ဟားခါး - ထန်တလန် လမ်းအပိုင်းအား (၁၂)ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း၊ မိုင်တိုင်အမှတ် (၁)မိုင်(၇)ဖာလုံနှင့် (၂)မိုင်(၄)ဖာလုံအကြား (၁၈)ပေအကျယ် ကတ္တရာလမ်း တိုးချဲ့ခြင်း၊ ကျောက်စီမြေထိန်းနံရံနှင့် ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း၊ ထန်တလန်မြို့တွင် ကတ္တရာကွန်ကရစ်(AC) ခင်းပြီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ထန်တလန် -ဆာဆီချောက် လမ်းပိုင်း၊ ထန်တလန် - ဆာဆီချောက် လမ်းမကြီးနှင့် ချိတ်ဆက်မည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသော အရှည် (၁၇)မိုင်ရှိ ဟရိန်ခန်း -သီကီရ်(ခ) လမ်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဟားခါး - ထန်တလန် - ဆာဆီချောက် လမ်းသည် အရှည် (၆၅)မိုင် (၂)ဖာလုံရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ ကတ္တရာကွန်ကရစ်(AC) (၁)မိုင် (၁)ဖာလုံ၊ ကတ္တရာလမ်း (၂၅)မိုင် (၅)ဖာလုံ၊ ကျောက်လမ်း(၅)မိုင် (၄ ဒသမ ၅) ဖာလုံ၊ အမာခံလမ်း (၂၄)မိုင် (၂) ဖာလုံနှင့် မြေလမ်း (၈)မိုင် (၅ ဒသမ ၅)ဖာလုံ ဆောင်ရွက်ပြီး ဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဟားခါးမြို့၌ အဆောက်အဦစီးဌာန အဆောက်အဦအထူးအဖွဲ့(၉)မှ တည်ဆောက်နေသော ဟားခါးကောလိပ် ဘွဲ့နှင်းသဘင် တည်ဆောက်နေမှုနှင့် အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ယူတည်ဆောက်နေသော ချင်းပြည်နယ်တရားလွှတ်တော် RC (၃)ထပ် ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဟားခါးမြို့၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ချင်းပြည်နယ် လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အထူးအဖွဲ့များမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်နယ်အတွင်း မိမိတို့ တာဝန်ယူဆောင်ရွက်နေသော အဆောက်အဦ၊ လမ်း/တံတားများကို တိုးတက်အောင်ဆောင်ရွက်ရန်၊ အဂတိကင်းရှင်းပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ချင်းပြည်နယ် လမ်းဦးစီးဌာန ဟားခါးခရိုင်နှင့် လမ်းအထူးအဖွဲ့(၁၂)တို့မှ ဆောင်ရွက်နေသော ဟားခါး - ဂန့်ဂေါလမ်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်


