ကျောက်ပန်းတောင်း ၁၅  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်လူနာများ စားသောက်မှု အဆင်ပြေစေရန်နှင့် ငွေကြေးကုန်ကျမှု သက်သာစေရန်အတွက်၊ ပရဟိတအသင်းများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပုဂ္ဂလိက အလှူရှင်များကလည်း မွေးနေ့အထိမ်းအမှတ်၊ နှစ်ပတ်လည်အထိမ်းအမှတ်၊ မင်္ဂလာဦး အထိမ်းအမှတ် စသည့်ဖြင့် နေ့စဉ် လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပြည်သူ့ဆေးရုံမှာ ကုတင်(၅၀)ဆံ့ ဆေးရုံဖြစ်သော်လည်း မြို့နယ်ကျယ်ဝင်းခြင်း၊ ကျေးရွာ များပြားခြင်းတို့ကြောင့် နေ့စဉ် လူနာဦးရေ (၆၀) မှ (၈၀)ဝန်းကျင် ရှိနေတတ်ပြီး ကျေးရွာများမှ လာရောက်ဆေးကုသမှု ခံယူနေသူများနှင့် နွမ်းပါးချို့တဲ့သည့် လူနာများ စားရေးသောက်ရေး အဆင်ပြေစေရန်နှင့် ငွေကြေးကုန်ကျမှု အထိုက်အလျှောက် သက်သာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေ့အိမ် ပရဟိတအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

 

အဆိုပါ အမေ့အိမ် ပရဟိတအသင်းအနေဖြင့် ပြည်သူ့ဆေးရုံတွင် ကျွေးမွေးမည့် အလှူရှင်မရှိလျှင် ၎င်းတို့၏ ရန်ပုံငွေတည်ရှိမှုအပေါ် မူတည်၍ လှူဒါန်းကြောင်းသိရပြီး အလှူရှင် ပေါ်ပေါက်ပါကလည်း အလှူရှင်၏ ဆန္ဒအပေါ်မူတည်၍ စားသောက်ဖွယ်ရာများကို ဈေးနှုန်းသက်သာစွာ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ပရဟိတ အသင်းအဖွဲ့တစ်ခုဖြစ်သော တိုင်းရင်းမိသားစု ညီအကိုများကလည်း လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာများအား ဥပုသ်နေ့တိုင်း ကြက်သားဆန်ပြုတ် ကုသိုလ်ပြု တိုက်ကျွေးလျက်ရှိပြီး သီတင်းကျွတ်လပြည့်နေ့တွင် (၃၈၂)ကြိမ် မြောက် တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

 

ဆန်ပြုတ်ကုသိုလ် ဆောင်ရွက်မှုနှင့်ပတ်သက်၍ “ကျွန်တော်တို့အဖွဲ့က ဆေးရုံတက်လူနာတွေကို ဆန်ပြုတ်ကုသိုလ်ယူ တိုက်ကျွေးခဲ့ကြတာ အခုဆိုရင် (၈)နှစ်ထဲ ရောက်ပါပြီ၊ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က အကြိမ် (၃၈၂)ကြိမ်မြောက် တိုက်ကျွေးခဲ့တာပါ၊ လပြည့်နေ့နဲ့ လကွယ်နေ့တွေဆိုရင် ကျွန်တော်တို့က ဆေးရုံက လူနာတွေတင် မဟုတ်ပါဘူး အချုပ်သားတွေကိုလည်း ကျွေးပါတယ်၊ အခုဆိုရင် ပုံမှန်အလှူရှင်ကလည်း (၁၅၀)လောက် ဖြစ်လာတော့ ရန်ပုံငွေကလည်း ရှိလာတာနဲ့ ကြက်သားဆန်ပြုတ်တင် မကတော့ဘူး ကြက်ဉတစ်လုံးနဲ့ မုန့်တစ်ထုပ်ပါ ပိုပြီးလှူဒါန်းနိုင်ပါပြီ” ဟု တိုင်းရင်းမိသားစု ပရဟိတမှ ကိုရဲအောင်က ပြောသည်။

 

ထိုသို့ လှူဒါန်းမှုအနေဖြင့် ယနေ့ နံနက် ၈ နာရီက စံပြရပ်ကွက် အလှူရှင်မိသားစုမှ ကြာဇံကြော်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)

 

mdn