အောက်တိုဘာ  ၁၆ လားရှိုး

 

လားရှိုးမြို့တွင်ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု စက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၆နာရီက ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းတက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

"ကျောင်းသားလူငယ်တွေ လမ်းမှားမရောက်အောင်၊ကျန်းမာရေးအတွက်အထောက်အကူလည်း ဖြစ်စေပြီး၊ ဆေးလိပ်ငွေ့ကင်းစင်တဲ့ ကျောင်းသားကျောင်းသူများဖြစ်လာစေရန်နဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း" လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားခဲ့သည်။

 

၁

 

ပြိုင်ပွဲတွင် စက်ဘီးစီးဝါသနာရှင်များက သတ်မှတ်ထားသည့် လားရှိုးမိုတယ်ရှေ့တွင်စုရပ်ပြုကာ လားရှိုးမြို့အခြေခံပညာကျောင်းများမှ စက်ဘီးချစ် ကျောင်းသား လူငယ်မောင်မယ်များ၊ တွဲဖက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်း၊ လားရှိုးမြို့ ကျန်းမာရေးဌာနတို့က ကျန်းမာရေးဆိုင်ရာများ ပြုစုပေးခဲ့ကြပြီး စုစုပေါင်း အင်အား ၁၅၀ ခန့်ပါဝင်စီးနင်းခဲ့ကြကြောင်းသိရသည်။

 

အဆိုပါ ပြိုင်ပွဲကို လားရှိုးမိုတယ်ရှေ့မှစတင်၍ ဘူတာလမ်း လေယာဉ်ကွင်းလမ်းမှ လားရှိုး မီးပွိုင့်မှတစ်ဆင့် ပြည်ထောင်စုအားကစားပြိုင်ကွင်းအတွင်းရှိ လေ့ကျင့်ရေး အားကစားရုံတွင် ပန်းဝင်ခဲ့ကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)