မန္တလေး အောက်တိုဘာ ၁၆

 

(၁၃၁)ကြိမ်မြောက် ကျောက်တော်ကြီးဘုရားပွဲတော် သံဃာတော်အပါး(၂၁၆၀) အား ဆွမ်း လောင်းလှူပွဲ ကို မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားဝင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုရာ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောက်တော်ကြီး ဘုရားဂေါပကအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အလှူရှင်များ တက်ရောက်၍  ဆွမ်း လောင်းလှူခဲ့ကြသည်။

 

ကျောက်တော်ကြီးဘုရားပွဲတော်ကို မန္တလေးမြို့တည် နန်းတည် ဘဝရှင်မင်းတုန်းမင်းတရားကြီး လက်ထက်တော် မှစတင်၍ ကျင်းပလာခဲ့တာ  (၁၃၁)ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း၊ သံဃာ့ဒါနဆွမ်းလောင်း လှူပွဲ တွင် ဂေါပကအဖွဲ့မှ ကြီးမှူး၍ အများစုပေါင်းလှူဒါန်းငွေများဖြင့် သံဃာတော်တစ်ပါးလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်း နှင့်ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းသပိတ်များအား လည်းကောင်း၊ ဘုရားပွဲတော်တွင် ရောင်းချနေသော ဈေးဆိုင်တန်းများမှ အလှူရှင်များ၊ အိုးဘိုရွှေကျင်ရပ်၊ အိုးဘိုအကွက်(၄၀)၊ အိုးဘိုပျော်ဘွယ်ကန်သစ်၊ ဒေါနဘွား၊အလုပ်သမားဆေးရုံ၊ ဘုန်းတော်တိုး၊ ဌာနီအရှေ့/အနောက်၊ဥပုသ်တော်၊ အနှိပ်တော်  အစရှိသော ရပ်ကွက်များမှ  အလှူရှင်များက ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများလာရောက်လောင်းလှူခဲ့ကြောင်း၊ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲအပြီးတွင် အရှေ့ခင်မကန် ကျောင်းတိုက်ဆရာတော် ဘန္တဒ္ဒသုမန မှ လှူဒါန်းမှုများ အတွက် ရေစက်ချတရားချီးမြှင့်ခဲ့ကြောင်း၊ ကျောက်တော်ကြီး ဂေါပကအဖွဲ့ဝင် ဦးတင်မောင်ကြည် က ပြောကြားသည်။

 

 မန္တလေးမြို့၏ အစည်ကားဆုံးဘုရားပွဲတော် တစ်ခုဖြစ်သော ကျောက်တော်ကြီးဘုရားပွဲတော်ကို မန္တလေးတောင်ခြေတွင် သီတင်းကျွတ်လဆန်း(၁၃)ရက် မှ သီတင်းကျွတ်လပြည့်ကျော်(၇)ရက် အောက်တိုဘာ (၁၁) ရက် မှ အောက်တိုဘာ (၂၀) ရက် အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ၊ လာရောက်လည်ပတ်သူများ သာမက မန္တလေးမြို့သို့ ရောက်ရှိနေသော ကမ္ဘာ့လှည့်ခရီးသွားများပါ စိတ်ဝင်တစားလာရောက်လည်ပတ် လျက်ရှိသောကြောင့် အထူးစည်ကားသော ပွဲတော်တစ်ခု ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)