နေပြည်တော် ၁၆ အောက်တိုဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ စာကြည့်တိုက်အသင်းဝင် ကျောင်းသား ကျောင်းသူကလေးငယ်များအား ဖိတ်ခေါ်၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်း စကားထာ ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများပြုလုပ်ပေးခြင်းကို အောက်တိုဘာလ ၁၆ ရက် နံနက် ၁ဝ နာရီက ပြည်သူ့စာကြည့်တိုက်အတွင်း၌ကျင်းပခဲ့သည်။
အဆိုပါပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီက ကလေးငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းနှင့် စာပေစိတ်ဝင်စားမှုမြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုလိုဖိတ်ခေါ်၍ ပြိုင်ပွဲများပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် လူကုန်ကူးခံရနိုင်သည် ကိုဂရုပြုနိုင်စေရန် လူကုန်ကူးမှုအသိပညာပေး အကြောင်းအရာများ ပြောကြားခဲ့သည်။ ထို့နောက် ပြန်/ဆက်ဦးစီးဌာနတာဝန်ရှိသူများကဦးဆောင်၍ အသင်းဝင်ကလေးငယ်များအား ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းစကားထာပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော အသင်းဝင်ကလေးငယ်များအား အမှတ်တရ လက်ဆောင်များ ချီးမြှင့်ပေး အပ်ခဲ့သည်။
အဆိုပါပွဲသို့ ပြည်သူ့စာကြည့်တိုက်အနီးရှိ ရွှေတွင်းကုန်းကျေးရွာ၊ သာစည်ကျေးရွာနှင့် ဗောဓိမြိုင်ကျေးရွာများမှ အသင်းဝင်ကျောင်းသားကျောင်းသူ ၃ဝ တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြန်/ဆက် ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ အား စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်းသိရသည်။
သဲစုလွင်(ပြန်/ဆက်)


