ယင်းမာပင် ၁၆  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် ဒေသခိုင်းနွား၊ နို့စားနွားနှင့် အသားစား နွားမျိုး များ ကောင်ရေတိုးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအောင်၏ ပြောကြားချက်အရ သိရသည်။

 

အချိန်ကုန်သက်သာခြင်း၊ ငွေကြေးကုန်ကျမှုသက်သာခြင်း၊ သားပေါက် နွားငယ်များ ကြီးထွားမှု နှုန်း မြန်ခြင်း၊ အကောင်လှပခြင်းနှင့် ပြန်လည်ရောင်းချများတွင် လွယ်ကူခြင်းတို့ကြောင့် မေထုံမဲ့သားစပ် ခြင်းလုပ်ငန်းကို နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသောတောင်သူများမှ စိတ်ဝင်စားလာကြောင်း သိရသည်။

 

4

 

 ““ပေါက်လာတဲ့နွားကလေးက ရိုးရိုးနွားမက ပေါက်တဲ့နွားထက်စာရင် မေထုံမဲ့ သားစပ်ခြင်းမှပေါက်တဲ့နွားက အရောင်အသွေးပိုလှတယ်၊ ကိုယ့်လယ်မှာခိုင်းမယ်ဆိုရင်လည်း အခိုင်းခံ တယ်၊ ဒေသမျိုးဖြစ်တဲ့ ပြာစိမ်းမျိုး၊ ရွှေနီမျိုးတို့ရှိတဲ့အထဲက မေထုံမဲ့သားစပ်နည်းနဲ့ ပေါက်တဲ့နွားက ပိုပြီး ခိုင်းလို့လှတယ်၊ မျိုးရိုးဗီဇလည်းပိုပြီးမြင့်တယ်၊ ပင်ပန်းဒဏ်ကိုလည်း ပိုပြီး ခံနိုင်ရည် ရှိတယ်၊ မျိုးကောင်း မျိုးသန့်လည်းရတယ်၊ မွေးလာတဲ့နွားသားပေါက်က အကောင်လှတဲ့အတွက် ပြန်ရောင်းမယ်ဆိုရင်လည်း ဈေးကောင်းရတယ်ဆိုတဲ့ အားသာချက်တွေ ရှိတယ်၊ မေထုံမဲ့သားစပ်တာက ဒီမြို့နယ်မှာ(၃)နှစ် လောက်ရှိပြီ၊ အစပိုင်းမှာတော့ တောင်သူတွေက သိပ်စိတ်ဝင်စားမှု မရှိကြဘူး၊ မေထုန်မဲ့သားစပ်နည်းနဲ့က အောင်မြင်မှုနှုန်းက (၇၅)ရာခိုင်နှုန်း ရှိတာဆိုတော့ သုံးနှစ်အတွင်းမှာ တောင်သူတွေ စိတ်ဝင်စားလာတာဖြစ်တယ်”” ဟု ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာအေးအောင်က ပြောသည်။

 

၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ယင်းမာပင်မြို့နယ်အတွင်း နွားမွေးမြူရေးတောင်သူများ စိတ်ဝင်စားမှုမြင့်တက်လာသည့် မေထုန်မဲ့သားစပ်နည်းဖြင့် ဒေသခိုင်းနွားမ ပြာစိမ်းမျိုး (၅၅၃)ကောင်၊ နို့စားနွားမ (၃၂)ကောင်နှင့် အသားစားနွားမ (၁၈)ကောင်တို့အား  မျိုးပွားခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ (၃)နှစ်တာကာလအတွင်း ဒေသခိုင်းနွား(ပြာစိမ်း)၊ နို့စားနွားနှင့် အသားစားနွားမျိုး (၁၀၄၅)ကောင်အား မေထုန်မဲ့သားစပ်နည်းဖြင့် နွားကောင်ရေတိုးပွားရေး လုပ်ဆောင် ပေးနိုင်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

သန်းဌေးအောင်(ကနီ)