နေပြည်တော် ၁၆  အောက်တိုဘာ  

 

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယမန်နေ့ နံနက်ပိုင်းတွင် ပခုက္ကူ -ပေါက် - ထီးလင်း -ဂန့်ဂေါလမ်းပေါ်ရှိ မြစ်သာတံတား(ဂန့်ဂေါ) ကြံ့ခိုင်မှုနှင့် မုံရွာ (ညောင်ပင်ကြီး)- ပုလဲ-ဂန့်ဂေါ- ဟားခါးလမ်းပေါ်ရှိ မြစ်သာတံတား(စိုင်ဒူး) ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ် စစ်ဆေးရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မုံရွာ(ညောင်ပင်ကြီး)- ပုလဲ-ဂန့်ဂေါ လမ်းအပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မင်းတိုင်ပင် လမ်းစခန်း ရှင်းလင်းဆောင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟ က မုံရွာ- ပုလဲ- ဂန့်ဂေါလမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းလျာထားချက်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင် က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်းသည် ပြည်နယ်ပြည်မ ဆက်သွယ်သော အဓိကလမ်းမကြီး ဖြစ်သည့်အတွက် ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရေး ဦးစားပေးဆောင်ရွက်ရန်၊ လုပ်ငန်းလျာထားချက် အတိုင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ပုဂံမြို့ရှိ ဘုရားအမှတ် (၇၄၈) စူဠာမဏိဘုရား ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

han +

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၇)မှ တာဝန်ရှိသူက စူဠာမဏိဘုရားအား (၄) ကြိမ်မြောက် ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးမူမပျက် စနစ်တကျ ဆောင်ရွက်ရန် မှာကြားပြီး စူဠာမဏိဘုရား အတွင်းပိုင်းနှင့် အပေါ်ပိုင်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။

han 2+

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြတ်နိုးသူကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက် သော မိတ္ထီလာ-ကျောက်ပန်းတောင်း - ပုဂံ/ညောင်ဦးလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း (နေပြည်တော်-မန္တလေးအပိုင်း) ပြုပြင် ထိန်းသိမ်းထားရှိမှုတို့ကိုလည်းကောင်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)