နေပြည်တော် ၁၆ အောက်တိုဘာ
၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပအစိုးရ မဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတကနှစ်စဉ် အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပမြဲဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ကမ္ဘာသူကမ္ဘာသားများ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ငတ်မွတ်မှု တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက နှစ်စဉ်ဆောင်ပုဒ်ချမှတ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပလျက်ရှိရာ ယခုနှစ်ဆောင်ပုဒ်မှာ “ကျန်းမာမျှတအာဟာရ၊ ပြည့်စုံနိုင်ရေးရည်မျှော်တွေး၊ ယနေ့မှစ၍ကြိုးစားပေး” Our Actions are Our Future, Healthy Diets for a Zerohunger World ဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးသည် စားနပ်ရိက္ခာဖူလုံရေးနှင့် ငတ်မွတ်မှုကင်းစင်ရေးကို ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကြိုးပမ်းခဲ့ကြသော်လည်း လျှော့ကျခြင်းမရှိဘဲ အာဟာရမပြည့်ဝသူဦးရေသည် လက်ရှိတွင် ပြန်လည်မြင့်တက်လာပါကြောင်း၊ လူဦးရေအားဖြင့် သန်း(၈၀ဝ)ကျော်ရှိကြောင်း၊ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က ထုတ်ပြန်ထားပါကြောင်း၊ ယေဘုယျအားဖြင့် လူ ၉ ဦးတွင် တစ်ဦးသည် အာဟာရပြည့်ဝမှုမရှိဘဲ ငတ်မွတ်မှုရှိနေပါကြောင်း၊ ယင်းမှာစားနပ်ရိက္ခာများ၏ ထုတ်လုပ်မှုပမာဏသာမက အရည်အသွေးမပြည့်ဝမှုများကြောင့် လည်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သည့်စားသောက်မှုပုံစံများသည် ကမ္ဘာတွင် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများ၏ အဓိကအရင်းခံအကြောင်းတရား ဖြစ်လာနေပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ရေရှည်တည်တံ့သည့် စားနပ်ရိက္ခာများကို လူတိုင်းရရှိစားသုံး နိုင်ရေးသည် ချက်ချင်းလုပ်ဆောင်ရမည့် လိုအပ်ချက်ဖြစ်ကြောင်းကို ဖော်ပြထားပါကြောင်း။
ယနေ့ကမ္ဘာကြီးတွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် အတူလူများ၏နေထိုင် သွားလာမှု၊ အသက်မွေးမှုနှင့် စားသောက်မှုပုံစံများသည် ပြောင်းလဲလျက်ရှိပါကြောင်း၊ အထူးသဖြင့်လူများသည် ရာသီသီးနှံ၊ အပင်အခြေခံသီးနှံနှင့် အမျှင်များသည့် အစားအစာများအစား ကယ်လိုရီများသည့်ပြုပြင်ပြီး အစားအစာများနှင့် အသားစားသုံးမှုများ များပြားလာသည်ကို တွေ့ရပါကြောင်း၊ မြို့ပြများတွင်အိမ်၌ ချက်ပြုတ်စားသောက်ခြင်းထက် စားသုံးသူများကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှုအာမခံချက် အပြည့်အဝ မရရှိနိုင်သည့် အသင့်စားအစားအစာများကို စူပါမားကတ်များ၊ (၂၄)နာရီဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဝယ်ယူစားသောက်မှု အလေ့အကျင့်များသည် ပေါ်ပြူလာ စရိုက်သဖွယ် များပြားလာသည်ကိုတွေ့ရပါကြောင်း။
တစ်ဖက်တွင်လည်း ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများကြောင့် ကျေးလက်ဒေသတွင်နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် အသက်မွေးကြသည့် ပြည်သူများအနေဖြင့် လုပ်ငန်းထိခိုက်ပျက်စီးမှုမှ ဝင်ငွေနည်းပါးလာသည့်အတွက် လတ်ဆတ်သည့် အသားနှင့် အာဟာရပြည့်ဝသည့် အစားအစာများကို ၎င်းတို့ကိုယ်တိုင်စားနိုင်ရန် အခွင့်အရေး နည်းပါးလျက်ရှိပြီး စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုပမာဏ လျော့ကျမှုများကိုလည်း တွေ့ရှိရပါကြောင်း။
FAO ၏ တင်ပြချက်အရ ကမ္ဘာတွင် ရှေးယခင်ကစားနပ်ရိက္ခာအတွက် အပင်မျိုးပေါင်း ၆၀ဝ၀ ကျော်စိုက်ပျိုးခဲ့ကြသော်လည်း ယခုဆိုလျှင်သီးနှံအပင် (၉)မျိုးခန့်ကို စုစုပေါင်း သီးနှံအထွက်၏ ၆၆ ရာခိုင်နှုန်းခန့်ထွက်ရှိအောင် ထုတ်လုပ်နေကြပါကြောင်း၊ တိုးတက်များပြားလာသည့် ကမ္ဘာ့လူဦးရေကို ကျွေးမွေးနိုင်ရန်၊ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံး၏ စွမ်းအင်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းနိုင်ရန်အဓိက သီးနှံ(၃)မျိုးဖြစ်သည့် ဂျုံ၊ ပြောင်းနှင့် ဆန်တို့ကို အထွက်တိုးနည်းလမ်းများနှင့် ထုတ်လုပ်နေကြခြင်းဖြစ်ပါကြောင်း၊ ယင်းနည်းလမ်းများသည် ကျန်းမာမှုနှင့် ပြည့်စုံစေသည့် အစားအစာရရှိစေရန်နှင့် ပတ်ဝန်းကျင်ကိုထိန်းသိမ်း စောင့်ရှောက်ရန်အတွက် အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း FAO အဖွဲ့ကြီးက သုံးသပ်ထားပါကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သည်နှင့်အညီ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန် သီးနှံအမျိုးပေါင်း ၆၀ ကျော်ကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးထုတ်လုပ် လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများဖူလုံစွာ ထုတ်လုပ်နိုင်ရန်ချမှတ်ပြီးဖြစ်သည့် “စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ”နှင့်အညီ ကောင်းမွန်သည့် စီမံအုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအားတိုးတက်စေမှု၊ ဈေးကွက်ချိတ်ဆက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုဆိုသည့် မဟာဗျူဟာမဏ္ဍိုင်(၃)ရပ်နှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအားဖြင့် အဓိကစားသုံးကြသည့်ဆန်နှင့် အခြားသီးနှံထွက်ရှိမှုသည် ပြည်တွင်းစားသုံးမှုအတွက် ဖူလုံလျက်ရှိပြီးပိုလျှံမှုကိုပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက် အဓိကသီးနှံစပါးအပါအဝင် ရာသီသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် ဓါတုပစ္စည်းများကို သုံးစွဲနည်းနှင့် လိုက်နာရန်လမ်းညွှန်ချက်များကို မလိုက်နာဘဲ အလွန်အကျွံသုံးစွဲခြင်းနှင့် ရိတ်သိမ်းဖြန့်ဖြူးမှု မမှန်ကန်မှုများကြောင့် စားသုံးသူများ ဘေးအန္တရာယ်နှင့် ရောဂါဘယများ မဖြစ်စေရန်ရည်မှန်းပြီး ပြဋ္ဌာန်းထားသည့် မြေသြဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေစသည့် ဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ထိန်းကြောင်းအရေးယူခြင်း၊ ကိုင်တွယ်သုံးစွဲသည့် တောင်သူလယ်သမားများကို အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုအပ်ပါကြောင်း။
တစ်ဖက်တွင်လည်း သီးနှံစိုက်ပျိုးခြင်း၊ တိရစ္ဆာန်နှင့် ငါးမွေးမြူခြင်းလုပ်ငန်းများတွင် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းသည့် မျိုးများသုံးစွဲရေးအတွက် စည်းရုံးဆောင်ရွက်ပေးနေသည်ကို တွေ့ရှိပါကြောင်း၊ သီးနှံထွက်ကုန်များနှင့် မွေးမြူရေးထွက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ပြည့်ဝစေရေး ရည်မှန်းပြီး ချမှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practice- GAP)၊ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Animal Husbadary Practice-GAHP)၊ ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practice-GAqP)များကို လိုက်နာသုံးစွဲကြရန် ပညာပေးလုပ်ငန်းများကိုလည်း ထိရောက်အောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံတွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့် အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံ၏သီးနှံ၊ သားငါးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အထူးသဖြင့် မိုးရာသီကာလအတွင်း လယ်ယာမြေများရေလွှမ်းခံရပြီး သီးနှံထိခိုက်ပျက်စီးမှုများကို နှစ်စဉ်ကြုံတွေ့ရလျက်ရှိပါကြောင်း၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ စားနပ်ရိက္ခာ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများဖြစ်သည့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား မထိခိုက်စေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပံ့ပိုးကူညီမှုများပေးအပ်ရာတွင် မှန်ကန်ထိရောက်မှုရှိအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။
ယနေ့ကမ္ဘာကြီး၏ နည်းပညာပြောင်းလဲမှုနှင့်အတူ ယှဉ်တွဲလာသည့် ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့သည် စိုက်ပျိုးရေးလုပ်ငန်းအပေါ်တွင် အဓိက အမှီသဟဲပြုနေကြရသည့် ကျေးလက်ဒေသကို ဆိုးကျိုးသက်ရောက်စေပါကြောင်း၊ ထိုသို့ ဆိုးကျိုးသက်ရောက်မှုကြောင့် လူအများစုမှီတင်းနေထိုင်ရာ ကျေးလက်ဒေသများတွင် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးမှု၊ ထွက်ရှိလာသည့် သီးနှံများအရည်အသွေး မပြည့်ဝမှုများ၏ အကျိုးဆက်အဖြစ်လူမှု စီးပွားရေးချွတ်ခြုံကျမှု၊ စားနပ်ရိက္ခာ မပြည့်စုံမှု၊ ဘေးကင်းလုံခြုံသည့် စားရေရိက္ခာရှားပါးလာမှု၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် ရင်ဆိုင်နေကြရပါကြောင်း။
တဖြည်းဖြည်းတိုးတက်လာသည့် လူဦးရေကိုဝလင်စွာ ကျွေးမွေးနိုင်ရေးအပြင် ကျန်းမာသန်စွမ်းပြီး တောက်ပသည့် အနာဂတ်ကိုပုံဖော်ကြမည့် အနာဂတ်မျိုးဆက်ကို ပြုစုပျိုးထောင်ကြရန် အတွက်ဘေးကင်းပြီး လုံခြုံစိတ်ချရသည့် အစားအစာများ ထုတ်လုပ်နိုင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး စသည့် အဓိကကျသောလုပ်ငန်းတာဝန်များကို မိမိတို့အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျှော်မှန်းထားသည့် ရလဒ်များရရှိရန်အတွက် (FAO)၏အကူအညီများနှင့်အတူ မိမိတို့ အစိုးရ၏ မှန်ကန်ထိရောက်သည့်မူဝါဒများအပေါ် ဌာနဆိုင်ရာများ၏ ထိရောက်အောင်မြင်သည့် အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုများဖြင့် ဟန်ချက်ညီညီနှင့် ဂရုတစိုက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ငတ်မွတ်ခေါင်းပါးမှုကို ပပျောက်အောင်ဆောင်ရွက်နိုင်မှသာ အာဟာရပြည့်ဝရေး၊ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး စသည့် ရည်မှန်းချက်များလည်း ပြည့်ဝလာမည်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သည့် အနာဂတ်ကို ပိုင်ဆိုင်ရန်အတွက် ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးမှုပန်းတိုင် (SDGs) ၂၀၃၀ ကို အကောင်အထည်ဖော်ဆောင်ကြရန်မှာ ကမ္ဘာ့လူသားအားလုံး၏ တာဝန်ဖြစ်ပါကြောင်း၊ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် အမှတ်စဉ်(၂) ပြည့်မီရေးအတွက် ငတ်မွတ်ခေါင်းပါးမှုကင်းစင်ရေးကို အလေးပေးဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ၊ ပူးပေါင်းမှုများရှိနေသည် ဆိုသော်လည်း မိမိတို့ကသာ အဓိကအားဖြင့် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။
ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုကိုတိုက်ဖျက်ကြသည့် နေရာတွင်ဆက်စပ် ပတ်သက်နေသည့် လူမှုဘဝလုံခြုံရေး၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးမွေးမြူရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍများတွင် အစိုးရပိုင်းအနေဖြင့် မှန်ကန်သည့်မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်နိုင်မှု၊ ထိရောက်မြန်ဆန်သည့် ဆက်သွယ်ရေးစနစ်၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးမှု၊ ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနိုင်မှု၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုများသည် အလွန်ပင်အရေးကြီးပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး၊ ဘေးကင်းလုံခြုံရေးနှင့် အာဟာရ ပြည့်ဝရေးကဏ္ဍများတွင် (FAO)ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၎င်းနှင့်ဆက်စပ်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လယ်ယာထုတ်ကုန်မြှင့်တင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ပြဋ္ဌာန်းပေးခြင်း စသည့်လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)အနေဖြင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍများတွင် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ စဉ်ဆက်မပြတ် ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့မှုများအတွက် မြန်မာပြည်သူများနှင့် နိုင်ငံတော်အစိုးရ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း။
ကမ္ဘာ့လူဦးရေ ၉ ဘီလီယံအတွက် စားနပ်ရိက္ခာများ တိုးတက်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြလျက်ရှိပြီး တစ်ဖက်တွင်လည်း ဘေးကင်းပြီး အာဟာရပြည့်ဝသည့် အစားအစာမျိုးစုံ ပိုမိုစားသုံးလာနိုင်အောင် မိမိတို့အားလုံး ကြိုးပမ်းကြမှသာ “ကျန်းမာမျှတအာဟာရ၊ ပြည့်စုံနိုင်ရေးရည်မျှော်တွေး၊ ယနေ့မှစ၍ ကြိုးစားပေး” ဆိုသည့် ယခုနှစ်ဆောင်ပုဒ်နှင့်ညီညွတ်ပြီး စည်ပင်သာယာဝပြောသည့် ကမ္ဘာကြီးအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည့်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူအားလုံးက ကိုယ်စီတာဝန်ကို လက်တွဲညီညီထမ်းဆောင်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် အခမ်းအနားနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Xaiojie Fan က ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ၂၀၁၉ ခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်Video ကို ပြသသည်။
ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
သတင်းစဉ်


