ညောင်ဦး  ၁၆ အောက်တိုဘာ

 

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၉၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိပွဲတော်တွင် ဈေးဆိုင်ခန်းပေါင်း ၈၉၀ ခင်းကျင်းရောင်းချသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

 

အဆိုပါ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ တန်ဆောင်တိုင် ဗုဒ္ဒပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်မှ တန်ဆောင်မုန်း လကွယ်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ် ကျင်းပမည့် (၉၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဈေးဆိုင်ခန်းပေါင်း ၈၉၀ ခင်းကျင်းရောင်းချသွားမည်ဖြစ်ပြီး ရောင်းချလိုသည့် ဈေးဆိုင်လုပ်ငန်းရှင်များက ပွဲတော်ကျင်းပမည့် ရွှေစည်းခုံဘုရားကြီး၏ တောင်ဘက်စောင်းတန်းအနီး ကွင်းပြင်၌ ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေကြပြီ ဖြစ်သည်။

 

ယခုနှစ် ကျင်းပမည့် ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၉၆၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၈ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဝေဇယန္တာဗိမာန်တော်ကြီးတွင် ညစဉ် နယ်လှည့်ဓမ္မကထိက ဆရာတော်ကြီးများက အလှည့်ကျ နိဗ္ဗာန်ရောက်ကြောင်း တရားများကို ဟောကြားချီးမြှင့်သွားမှာဖြစ်ပြီး တန်ဆောင်မုန်းလဆန်း ၉၊ ၁၀ ရက်တွင် ဘုရားကြီးအား စောင့်ရှောက်သော နတ်မင်း(၃၇)မင်းအား ဗလိနတ်စာကျွေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တန်ဆောင်မုန်းလဆန်း ၁၁ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်အထိ ရှင်အရဟံ သိမ်တော်ကြီးတွင် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်မုန်းလဆန်း ၁၄ ရက် နံနက်ပိုင်းတွင် အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများက စေတီမြတ်ကြီးအား ဆွမ်းလုံးချခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာတိုင်များ ဆက်ကပ်လှူဒါန်းခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၇ နာရီခွဲတွင် စေတီတော်ကြီး၏ အင်္ဂါထောင့် မဏ္ဍပ်တွင် မြို့ပေါ်ရှိ အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇)ရပ်ကွက် ကျောင်းတိုက်များနှင့် ရပ်ဝေးရပ်နီးမှ ပင့်သံဃာအပါး ၂၀ဝ၀ ကျော်အား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်း ငွေပဒေသာပင်များကို ဆက်ကပ်လှူဒါန်းပူဇော်၍ နံနက် ၉ နာရီခွဲတွင် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

“ရွှေစည်းခုံ စေတီတော်မြတ်ကြီး၏ (၉၆၀)ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်မှာ ဒေသခံပြည်သူတွေနဲ့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာတဲ့ ပြည်သူတွေ မိမိတို့အိမ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို တစ်နေရာတည်းမှာ စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်အောင် ဈေးဆိုင်ခန်းပေါင်း ၈၉၀ ခင်းကျင်းရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးဆိုင်ခန်းများ ရောင်းချရာတွင် ဈေးဆိုင်ခန်းအကြီး ၁၁၀ နဲ့ ဈေးဆိုင်ခန်းအသေး ၇၈၀၊ စုစုပေါင်း ဆိုင်ခန်း ၉၈၀ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယခုဆိုရင် ရောင်းချလိုတဲ့ ဈေးသည်လုပ်ငန်းရှင်တွေက ဘုရားပွဲကျင်းပမည့်နေရာမှာ ဆိုင်ခန်းတွေ စတင်ဆောက်လုပ်နေကြပြီ ဖြစ်ပါတယ်။ ဈေးဆိုင်ခန်းတွေ ဆောက်လုပ်ခွင့် အနေနဲ့ကတော့ ကျွန်တော်တို့ ဂေါပကအဖွဲ့က ဈေးဆိုင်ခန်းအကြီးကို တစ်ခန်းလျှင် ကျပ် ၂၀ဝ၀ဝ ကောက်ခံပြီး ဈေးဆိုင်ခန်းအသေးကိုတော့ တစ်ခန်းကို ကျပ် ၁၅၅၀ဝ ကောက်ခံပါတယ်။ ကောက်ခံလို့ရတဲ့ ငွေကိုတော့ ဘုရားကြီးရန်ပုံငွေအဖြစ် ထားရှိပါတယ်။ ဘုရားဖူးလာပြည်သူတွေ အပန်းဖြေ ကြည့်ရှုနိုင်ရေးအတွက် တန်ဆောင်မုန်းလဆန်း ၁၄၊ ၁၅ ရက် (၂)ညတွင် မန္တလေးမြို့ ရွှေတော်ဝင်ဇာတ်အဖွဲ့မှ ကပြဖျော်ဖြေသွားမှာဖြစ်ပါတယ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၊ ၂ ရက် (၂)ညကိုတော့ မန္တလေးမြို့ ပိုင်ထက်ဝေ ဇာတ်အဖွဲ့က ကပြဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲတော် ပိုမိုစည်ကားစေရန်အတွက် မြို့ပေါ်ရှိ ခြင်းဝါသနာရှင်များက မန္တလေးမြို့က ခြင်းအလှခတ် ပညာရှင်များကို ဖိတ်ခေါ်ပြီး တန်ဆောင်မုန်းလပြည့်ကျော် ၃၊ ၄ ရက်မှာ ခြင်းအလှခတ်ပြပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး အသင်းလိုက် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲနှင့် စည်းခုံရှင်ဖလား ဘောလုံးပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပ ပြုလုပ်သွားအုံးမှာပါ။ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် အသင်းများကို ပွဲတော်ကျင်းပရေးကော်မတီမှ ဆုများ ဂုဏ်ပြုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရွှေစည်းခုံ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ဦးလှကြိုင်က ပြောသည်။

 

mdn

 

စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သည် ညောင်ဦးမြို့ရှိ ဗုဒ္ဓပူဇနိယပွဲတော်များတွင် အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ (၁၂)ပွဲဈေးသည်များက လယ်ယာသုံးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အဝတ်အထည်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းမျိုးစုံတို့ကို လာရောက်ခင်းကျင်းရောင်းချရာ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများအတွက် အိမ်အတွက်လိုအပ်သည့် ပစ္စည်းများကို တစ်နေရာတည်းမှာ စိတ်အေးချမ်းသာစွာ ဝယ်ယူခွင့်ရရှိသည့်အတွက် စည်ကားလှသည့် ပွဲတော်ကြီးဖြစ်ကြောင်း ညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။

 

ရွှေစည်းခုံစေတီတော်မြတ်ကြီးသည် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ သက္ကရာဇ် ၄၂၁ ခုနှစ်က တည်ထားကိုးကွယ်တော်မူခဲ့သော ထင်ရှားသည့် စေတီတော်ကြီးတစ်ဆူဖြစ်သည်။

 

ရဲဝင်းနိုင် (ညောင်ဦး)