၁၆ အောက်တိုဘာ

 

၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဗီယက်နမ်နိုင်ငံ၌ ခြေစမ်းပွဲများ ကစားနေသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ပထမခြေစမ်းပွဲအဖြစ် ယနေ့ညနေပိုင်းက ဗီယက်နမ်ကလပ် ကာရိုဘန်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်ရန် ခြေစမ်းပွဲများ ကစားခြင်းဖြစ်သောကြောင့် ကစားသမား ၂၀ ဦးစလုံး အသုံးပြုခဲ့ပြီး ရလဒ်ထက် ကစားသမားများ ပွဲကစားရရန်နှင့် နည်းဗျုဟာပိုင်းကို အဓိက စမ်းသပ်ကစားခဲ့သည်။

 

မြန်မာအသင်းအတွက် ဂိုးကို ပထမပိုင်းတွင် အောင်ဇင်ဦးက သွင်းယူခဲ့သည်။ မြန်မာဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ ကြိုတင်လာရောက်ကာ ခြေစမ်းပွဲများ ကစားနေခြင်းဖြစ်ပြီး ဒုတိယပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်တွင် ဗီယက်နမ်ကလပ် ဆိုင်ဂုံအသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း