ဒေါက်တာဝင်းအောင်(သုတေသီ)
မြန်မာအသည်းဖောင်ဒေးရှင်း
လူသားတိုင်း၏ ခန္ဓာကိုယ်ကျန်းမာရေးနှင့် အသက်ရှည် ရေးအတွက် အသည်းသည် အဓိကအရေးပါသည့် အခန်း ကဏ္ဍမှပါဝင်သော ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည် ခန္ဓာကိုယ်၏ ဝမ်းဗိုက်အတွင်း လက်ယာ ဘက်အပေါ်ပိုင်းတွင် တည်ရှိပါသည်။ ခန္ဓာကိုယ်၏ အတွင်းအင်္ဂါကလီစာများအနက် အကြီးဆုံးဖြစ်ပြီး အလေးချိန်အားဖြင့် ၁ ဒသမ ၄ ကီလိုဂရမ်ခန့် ရှိပါသည်။ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းရေးနှင့် အသက်ရှင်နေနိုင်ရေး အတွက် အသည်းသည် လုပ်ငန်းပေါင်း ၅၀၀ ခန့်ကို နေ့စဉ် နာရီမပြတ် လုပ်ဆောင်ပေးလျက် ရှိပါသည်။
အသည်း၏ အဓိကလုပ်ငန်းဆောင်ရွက်ချက်များ
အသည်းသည် ခန္ဓာကိုယ်တွင်းအစာခြေအင်ဇိုင်းများ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ဟော်မုန်းဓာတ်၊ သွေးခဲစေသော အရာများ၊ ပဋိပစ္စည်းများနှင့် ဗီတာမင်ဓာတ်များ ထုတ် လုပ်ခြင်း၊ ခန္ဓာကိုယ်အတွင်းကစီသကြားဓာတ်၊ အဆီဓာတ်၊ အမိုင်နိုအက်စစ်များ၊ တချို့သောသတ္တုဓာတ်နှင့် ဗီတာမင် များ သိမ်းဆည်းသိုလှောင်ခြင်း၊ ခန္ဓာကိုယ်အတွက် ဆိုးကျိုးအန္တရာယ်ပေးနိုင်သော အရက်၊ ဆေးဝါး၊ ဓာတုဗေဒ ပစ္စည်းများ၊ ဆိုးဆေး ၊ နီကိုတင်း၊ ကဖင်းဓာတ်နှင့် အဆိပ် အတောက်များကို ခန္ဓာကိုယ်အတွင်းမှ ဖယ်ရှားပေးခြင်းနှင့် အိုမင်းရက်လွန် သွေးဆဲလ်များ၊ ခန္ဓာကိုယ်တွင်းဇီဝ ဖြစ်စဉ်မှ ထွက်လာသောမလိုအပ်သည့်ဘေးထွက်ပစ္စည်း များကိုဖျက်ဆီး/ စွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ပေးပါ သည်။
အထက်ပါကဲ့သို့ ခန္ဓာကိုယ်အတွက် လိုအပ်သည် များကို ထုတ်လုပ်/သိုလှောင်ပေးပြီး မလိုအပ်သည်များကို ပြင်ပသို့စစ်ထုတ်ဖယ်ရှား/စွန့်ထုတ်ပေးနေသော အသည်း အား ခန္ဓာကိုယ်တွင်းစက်ရုံကြီးအဖြစ် တင်စားခေါ်ဝေါ်လေ့ ရှိပါသည်။ ခန္ဓာကိုယ်အတွက် စက်ရုံကြီးပမာ နာရီမပြတ် နေ့စဉ်ဆောင်ရွက်နေရသော အသည်း၏လုပ်ငန်းတာဝန် များမှာ များပြားကြီးမားလှသဖြင့် အသည်းရေရှည် ကျန်းမာကောင်းမွန်စေရန်နှင့် စွမ်းအားပြည့် အလုပ်လုပ် နိုင်စေရန်အတွက် အထူးလိုအပ်ပါသည်။
အသည်းကိုပျက်စီးစေသောအဓိကအကြောင်းရင်းများ
အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ တချို့ သော ဆေးဝါးများနှင့် အစားအစာများ၊ အာဟာရချို့တဲ့ ခြင်း၊ အသည်းတွင်အဆီများစုပုံခြင်း၊ အသည်းရောင် အသားဝါရောဂါ ဗိုင်းရပ်စ်ပိုးများနှင့် အသည်းကင်ဆာ တို့ကြောင့် အသည်းကိုပျက်စီးစေပါသည်။ အသည်းရောင်ပြီး အသည်းပျက်စီးလျှင် အသည်းမှလုပ်ဆောင်နေသည့် လုပ်ငန်းတာဝန်များကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် အသည်းသည် အမြဲတမ်းကျန်းမာပြီး ယင်း၏လုပ်ငန်း တာဝန်များကို အချိန်ပြည့်၊ စွမ်းအားပြည့် လုပ်ဆောင်နိုင် ရန် လိုအပ်ပါသည်။ အသည်းကိုဒဏ်ပိခြင်းမဖြစ်စေရန်၊ ခန္ဓာကိုယ်အား အန္တရာယ် ဒုက္ခပေးနိုင်သောအရာများ ဝင်ရောက်ခြင်းကို တာဆီး/ဖယ်ရှားပေးရန်၊ အသည်းကို ကျန်းမာအောင် သန့်စင် /ထိန်းသိမ်းစောင့်ရှောက်ပေးရန် နှင့် လိုအပ်လျှင် ပြုပြင်ပေးရန် လိုအပ်ပါသည်။ အထက်ပါ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လူတိုင်း သည် အောက်တွင်ဖော်ပြမည့် အစာအာဟာရ စားသောက် မှုပုံစံနှင့် နေထိုင်မှုအလေ့အထပုံစံတို့ကို လိုက်နာဆောင် ရွက်ခြင်းဖြင့် အသည်းကျန်းမာရေးကိုအထောက်အကူ ပြုနိုင်ပါသည်။
၁ ။ အသည်းကျန်းမာကောင်းမွန်စေသည့်
အစာအာဟာရ(Diet) များ
အသည်းကျန်းမာရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော ၊ မှန်ကန်၍ မျှတသောအစာအာဟာရ (Right and Balanced Diet)များဖြစ်သည့် ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ကို မျှတစွာစားသုံးရပါမည်။ မိမိစားသုံးမည့် အစားအစာများ သည် အသည်း၏ ကျန်းမာရေးနှင့်ပုံမှန်လုပ်ငန်းများ ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော အသည်းဆဲလ်များ၏ လိုအပ်သောအစာအာဟာရများကိုထောက်ပံ့ပေးရန်၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက် များကိုဖယ်ရှားပေးသော အသည်း၏အဓိကလုပ်ငန်းကို ကူညီပံ့ပိုးပေးရန် ၊ အသည်းဆဲလ်များပျက်စီးမှုကိုကာကွယ် ပေးရန်နှင့် ပျက်စီးသွားသည့်ဆဲလ်များကိုပြန်လည် တည် ဆောက်ပေးနိုင်ရန်လိုအပ်ပါသည်။ ထို့ကြောင့် အသည်းအမြဲ တမ်းရေရှည်ကျန်းမာရေး၊ သန့်စင်ရေးနှင့် သန်စွမ်းရေးတို့ အတွက် အစာအာဟာရစားသုံးခြင်းကို အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါမည်။
(က) အသည်းအတွက် အထူးကောင်းမွန် သင့်လျော်သော/စားသုံးသင့်သည့်အစားအစာများ
အထူးသဖြင့် ကော်ဖီ ၊ သကြားမပါသောကော်ဖီကြမ်း၊ လက်ဖက်ရည်ကြမ်း၊ နို့နှင့် မလိုင်မပါသော နို့ထွက်ပစ္စည်းများ ၊ ပန်းသီးဖျော်ရည် ၊ မုန်လာဥဖျော်ရည် ၊ လတ်ဆတ်သော သစ်သီးဝလံ၊ သံပရာသီး၊ သံပရို (လီမွန်)သီး၊ ရှောက်သီး၊ ရှောက်ချိုသီး ၊ ကျွဲကောသီး၊ ဘာလီ၊ လိမ္မော်သီး၊ ကီဝီသီး၊ သစ်တော်သီး၊ စပျစ်သီး၊ ပန်းသီး၊ ထောပတ်သီး၊ ဘလူးဘယ်ရီ နှင့် ကရင်းဘယ်ရီသီးများ၊ သင်္ဘောသီး၊ ဖရဲသီး၊လတ်ဆတ် သော ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ ပဲပုပ်၊ တို့ဟူး၊ စိမ်းစားဥ၊ နိုကိုဥ၊ မုန်လာဥ၊ မုန်လာထုပ် ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ မုန်ညင်း၊ မန်ကျည်းရွက်၊ ဆလတ်ရွက်၊ နံနံပင်၊ ပန်းမုန်လာစိမ်း၊ အပင်ပေါက်ငယ်များ ၊ အသွေးအရောင်စုံသောအသီးအရွက် များ ၊ အမျှင်များသောအစားအစာများ၊ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝသော ငှက်ပျောသီး ၊ ဗီတာမင်ဘီ၊ စီ၊ ဒီဓာတ် များပါဝင်သော ကန်စွန်းဥ၊ ကိုယ်ခံအားစနစ်ကိုကောင်းမွန် စေသည့် အစေ့အဆန်အတွင်းတွင်ပါသော အခွံမာသစ်သီး၊ သစ်ကြားသီး၊ ဗာဒံသီး၊ မက်မွန်သီးနှင့် ဆီးသီးတို့ကိုများများ စားသုံးပါ။ ဆန်၊ ဂျုံ၊ ပြောင်း၊ ပေါင်မုန့်၊ ဆန်လုံးညို၊ ကွေကာ အုတ်၊ Omega 3 Fatty Acids ပါဝင်သော ငါးအမျိုးမျိုး၊ ပင်လယ်ငါး၊ ငါးသေတ္တာငါး ၊ ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာ၊ အဆီမပါသော/အပင်မှရသော အသားဓာတ် ၊ ပဲအမျိုးမျိုး၊ ကြက်ဥအကာ၊ သံလွင်ဆီ၊ နေကြာဆီ၊ ငါးကြီးဆီ ၊ လတ်ဆတ် သောအော်ဂဲနစ် အစားအစာများ၊ ကြက်သွန်ဖြူ၊ ဒိန်ချဉ်၊ ချင်း(ဂျင်း)၊ နနွင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များကို အထူးပိုမို စားသုံးသင့်ပါသည်။
(ခ)အသင့်အတင့်သာစားသင့်သောအစားအစာများ
ချိုလွန်းသော /သကြားဓာတ်များလွန်းသောအသီးများ လျှော့စားပါ၊ ၊ ဂျုံမုန့်၊ ဆိုဒါ၊ မုန့်နှစ်၊ မုန့်ဖုတ်ဆိုဒါပါသော ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကွတ်၊ ကွတ်ကီး၊ အဆီများသော နို့ထွက်ပစ္စည်းများ၊ ကြက်ဥအနှစ်၊ အနီရောင်ရှိသော အသားများ (အထူးသဖြင့် အမဲသား)၊ အသား၊ ငါး (ရှောင်ရန် မလိုသော်လည်း ) လျှော့စားပါ၊ အသားဓာတ်အစားများပါက ခန္ဓာကိုယ်အား အဆိပ်အတောက် ပိုမိုဖြစ်စေပါသည်။
(ဂ) ရှောင်ရန် အစားအစာများ
ယေဘုယျအားဖြင့် အချို၊ အဆီနှင့် အငန်ဓာတ်များ လွန်ကဲစွာပါသော အစာများရှောင်ပါ။ အချိုလွန်ကဲသော အသီး၊ အချိုရည် ၊ အချို / ဆိုဒါ ပါဝင်မှုများသောကွတ်ကီး၊ သကြားလုံး၊ ကိတ်၊ သကြား၊ ဆေးသကြား၊ သကြား အစားထိုးအမှုန့်များ၊ ဂျုံနှင့်ဂျုံမှရရှိသောအသားဓာတ်၊ ပေါင်မုန့်ဖြူ၊ စေးသောဆန်၊ ခေါက်ဆွဲခြောက်၊ စည်သွတ်ဘူး၊ ဂျုံဖြင့်ပြုလုပ်သောအစားအစာ(ရွှေချီ)၊ အဆီဓာတ်လွန် ကဲသောအစားအစာများ၊ ပြည့်ဝဆီများ (ထောပတ်၊ ခရင်မ်၊ မလိုင်)၊ ပြည့်ဝဆီဖြင့် ကြော်ထားသော/အဆီအနှစ်နှင့် ကယ်လိုရီများသော ဆီကြော်အစားအစာ/ဆီကြော် မုန့်များ၊ အဆီများသောအသား၊ ဝက်အဆီ၊ အမဲအဆီ၊ ကြက်ဥ/ဘဲဥအနှစ်၊ အသား/ ငါး/ ကြက်အရေခွံ၊ ပြုပြင်ပြင်ဆင်ထား သော အစားအစာ၊ ကြာရှည်ခံအောင် လုပ်ထားသော အစားအစာ၊ အသင့်စားအစားအစာ၊ အသင့်ပြင်ဆင်ထား ပြီးသောအစားအစာ၊ ဖြည့်စွက်စာများ၊ သရေစာ ၊ မှိုတက် / မှိုပါနေသောအစားအစာ( မြေပဲ၊ နှမ်း၊ ငရုတ်သီးခြောက်၊ ကွမ်းသီး)၊ ဆိုးဆေးပါသောအစားအသောက်၊ ဓာတုပစ္စည်း များပါဝင်သော / အော်ဂဲနစ်မဟုတ်သောအစားအစာများ၊ မသန့်ရှင်းသော /ပိုးများပါဝင်နိုင်သော အသားစိမ်း၊ ငါးစိမ်း၊ ကျက်အောင်/ ဆူအောင် ချက်ပြုတ်မထားသော အသား/ ငါး / ပင်လယ်စာ၊ သံဓာတ်ကြွယ်ဝသော အစားအစာများ (အသည်းအမြစ်၊ ကလီစာ)၊ အငန်ဓာတ် လွန်ကဲသော အစာများ(ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်) နှင့် အချဉ်ဓာတ်လွန်ကဲသောအသီးများစားသုံးခြင်း လုံးဝ မပြုပါနှင့် ၊ အချို့သောဆေးများ၊ အကိုက်အခဲပျောက်ဆေး များ၊ သံဓာတ်ပါသောအားဆေးများ၊ ဗီတာမင်စီ (အားပြင်း) ဆေးများ၊ ဗီတာမင်အေအလွန်အကျွံသုံးစွဲခြင်း၊ တရားမဝင် ဆေးဝါးများ/ စပ်ဆေး၊ အချို့သောသစ်ဥသစ်ဖု ၊ အပင်နှင့် ပရဆေးများသုံးစွဲခြင်း လုံးဝမပြုရ/မသောက်ရ။ အရက်၊ ဘီယာ၊ စွမ်းအားဖြည့် အချိုရည် ၊ Gas ပါသောအချိုရည်၊ စီးကရက်၊ ဆေးလိပ်၊ကွမ်းယာ၊ မူးယစ်ဆေးဝါး/ ဆေး ခြောက်တို့ကိုလည်း လုံးဝရှောင်ကြဉ်ရပါမည်။
၂ ။ ကောင်းမွန်မှန်ကန်သောနေထိုင်မှုအလေ့အထပုံစံ ( Life-style )ပြုကျင့်ခြင်း
ကျန်းမာရေးနှင့် ညီညွတ်စွာသတ်မှတ်ထားသော ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ ဝလွန်း/ ပိန်လွန်းလျှင် လည်းအသည်းကိုအလုပ်ပိုလုပ်စေရပါသည်။ အထူးသဖြင့် အဝမလွန်ပါစေနှင့်။ အာဟာရချို့တဲ့မှုလည်းမဖြစ်ပါစေနှင့်။ သင့်တင့်မျှတသည့်ကျန်းမာရေးနှင့် ညီညွတ်သောအစား အစာကိုသာ စားသုံးပါ။ ရေများများသောက်ပါ (မိမိသောက် လိုသည့်/သောက်နိုင်သည့်ပမာဏထက်ပိုသောက်ပါ။ တစ်ရက် လျှင်အနည်းဆုံး နှစ်လီတာမှ သုံးလီတာခန့်) ၊ အစာကို တစ်ကြိမ်တည်းများများမစားပါနှင့်။ နည်းနည်းဖြင့် ခဏ ခဏစားပါ၊ အချိန်မှန်မှန်စားပါ၊ အသည်းကိုထိခိုက်စေနိုင် သော အစာ/ ဆေးဝါးများမစား/မသုံးစွဲပါနှင့်။ ဝမ်းမချုပ်ပါ စေနှင့်။ အရက် (ဘီယာ၊ ဝိုင် အပါအဝင်)လုံးဝမသောက်ပါနှင့် (လိုအပ်၍ မဖြစ်မနေသောက်ရလျှင် အလွန်အကျွံမသောက် ပါနှင့်)။ ဆေးလိပ် ၊ စီးကရက်မသောက်ပါနှင့်။
ကွမ်းစားသုံးခြင်း ကို လုံးဝရှောင်ကြဉ်ပါ၊ မူးယစ်ဆေးမသုံးစွဲပါနှင့်။ တစ်ရက်လျှင် ဆက်တိုက် ရှစ်နာရီမှ ၁ဝနာရီ နှစ်နှစ်ခြိုက်ခြိုက်အိပ်ရေး ဝအောင် အိပ်ပါ။ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ။ လမ်းမှန်မှန်လျှောက်ပါ (တစ်ရက်လျှင် နာရီဝက်၊ တစ်ပတ် ခြောက်ရက်(သို့မဟုတ်) တစ်ရက်လျှင် မိနစ်၂၀၊ တစ်ပတ် ခုနစ်ရက်)။ အချိန်ပေး၍ မှန်မှန်တရားထိုင်ပါ။ ခန္ဓာကိုယ် အရေပြားနှင့် နေရောင်ခြည် ထိတွေ့စေရန် နေပူစာလှုံပါ၊ အသည်းကိုအဆိပ်အတောက်ဖြစ်စေနိုင်သော အငွေ့အသက် (ဆေးလိပ်မီးခိုး၊ ပိုးသတ်ဆေးအနံ့၊ တချို့သောရှူဆေး)များရှူရှိုက်မှုနှင့် ဆိုးဆေးရည်၊ သန့်ရှင်းရေးသုံးဓာတုအရည် များနှင့် ထိတွေ့မှုမရှိပါစေနှင့်။ ဆေးဝါးများ (အထူးသဖြင့် စတီး ရွိုက်) ကို ဆရာဝန်ညွှန်ကြားချက်၊ သတ်မှတ်ချက် အတိုင်းသာတိကျစွာသောက်ပါ၊ ပိုမသောက်ရ၊ မှား မသောက်ရ ၊ ကြာရှည်စွဲမသောက်ရ၊ ပရဆေး/စပ်ဆေး/တရားမဝင် ဆေးများမသောက်ရ၊ မလိုအပ်ဘဲ ဆေးမထိုးပါ နှင့်။
လိုအပ်၍ထိုးလျှင် တစ်ခါသုံးဆေးထိုးအပ်ကိုသာသုံးပါ။ မလိုအပ်ဘဲ သွေးသွင်းခြင်းနှင့် ရောဂါပိုးစစ်ဆေးထားခြင်း မရှိသောသွေးသွင်းခြင်းတို့ကို မပြုလုပ်ရ။ သွေးနှင့်သွေး ပစ္စည်းကိုင်တွယ်အသုံးပြုလျှင် ပို၍သတိရှိပါစေ၊ သွေးပေ ကျံနေသောဓား၊ ဆေးထိုးအပ်တို့ကိုသတိနှင့် ကိုင်တွယ် ပါရန်နှင့် စနစ်တကျသိမ်းဆည်းစွန့်ပစ်ရန်၊ မိမိအတွက် အသုံးအဆောင်ပစ္စည်း( သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ်၊ ဘီးများ) သီးသန့်ထားရှိသုံးစွဲပါ၊ တစ်ပါး သူနှင့် မျှဝေမသုံးစွဲပါနှင့်၊ ပန်းကန်၊ ဇွန်းနှင့် ရေခွက်များ အတူမျှဝေသုံးစွဲခြင်းကိုလည်းရှောင်ကြဉ်ပါ။ လိင်ဆက်ဆံ ဖော် မများပါနှင့်၊ လိုအပ်ပါကအကာအကွယ်ဖြင့် လိင် ဆက်ဆံပါ။ လက်ကိုဆပ်ပြာနှင့်ရေတို့ဖြင့် မကြာခဏ ဆေးကြောသန့်စင်မှု ပြုပါ ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုပြုပါ၊ အသည်းရောင် အသား ဝါအေနှင့်ဘီရောဂါကာကွယ်ဆေးများထိုးနှံမှု ခံယူထားပါ။
အကြံပြုတင်ပြချက်
အထက်ဖော်ပြပါ အစာအာဟာရနှင့် နေထိုင်မှု အလေ့အထများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အသည်း ကျန်းမာရေးကို လုံးဝအထောက်အကူပြုနိုင်ပါသည်။ အသည်းကိုပိုမိုကျန်းမာစေနိုင်ပါသည်။ ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုနှုန်းများသော ဘီပိုးနှင့် စီပိုးကူးစက်ခံနေကြရ သော လူများသည် တင်ပြပါအချက်အလက် ၊ လမ်းညွှန် ချက်များကို တစ်သဝေမတိမ်းလိုက်နာဆောင်ရွက် သင့်ပါ သည်။ သို့မှသာလျှင် ဘီပိုး၊ စီပိုးကူးစက်ခံရခြင်းကြောင့် နောက်ဆက်တွဲဆက်လက်ဖြစ်ပွားနိုင်သောရောဂါများ ဖြစ်သည့် နာတာရှည် အသည်းရောင်ခြင်း၊ အသည်းကျုံ့ ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါ ဖြစ်ခြင်းတို့မှ ကာကွယ်ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် လူတိုင်းသည် အသည်းကျန်းမာရေးအတွက် အထက်ဖော်ပြပါမှန်ကန်သောအစာအာဟာရစားသောက် ခြင်းနှင့် ကောင်းမွန်သောနေထိုင်မှုအလေ့အထ ပြုကျင့် ခြင်းတို့ကိုလိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါမည်။ ထို့အပြင် အသည်းအမြဲတမ်းကျန်းမာကောင်းမွန်ရေးအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းနှင့် ရောဂါဖြစ်လာ လျှင် ဆောလျင်ထိရောက်စွာ၊ မှန်ကန်တိကျစွာကုသမှုခံယူခြင်းတို့ကိုလည်းလိုက်နာဆောင်ရွက်သင့်ပါသည်။ သို့မှသာလျှင် မိမိ၏အသည်းသည် ကောင်းမွန်ကျန်းမာ၍ မိမိသည်လည်း မိသားစုနှင့်အတူသက်ရှည်ကျန်းမာ ပျော်ရွှင်စွာဖြင့် မိသားစုအကျိုး၊ နိုင်ငံအကျိုးတို့ကို ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။ ။
ကြေးမုံ