သိပ္ပံစာရေးဆရာကိုကိုအောင်
ကမ္ဘာ့ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလောကတွင် ကုန်းလမ်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေးနှင့် လေကြောင်း ပို့ဆောင်ရေးဟူသော မဏ္ဍိုင်ကြီးသုံးရပ်ကို အခြေပြုလျက် ဆောင်ရွက်ခဲ့ကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ပို့ဆောင်ဆက်သွယ်ရေး ခေတ်ဦးကာလများက တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ခြင်းနှင့် သတင်းပို့ ဆက်သွယ် ခြင်းများ၏ အမြန်နှုန်းသည် လူတစ်ယောက် ခြေကျင်လျှောက်နိုင်သောနှုန်း သို့တည်းမဟုတ် သင်္ဘောတစ်စင်း ရွက်လွှင့် သွားနိုင်သောနှုန်း သို့တည်းမဟုတ် မြင်းတစ်ကောင် ပြေးနိုင်သောနှုန်းများထက် မပိုခဲ့ပေ။
ကုန်းလမ်းပို့ဆောင်ရေးသည် ကမ္ဘာ့ရှေးအကျဆုံးသော သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ခဲ့ပြီး ရေကြောင်းပို့ဆောင်ရေးက ဒုတိယမြောက် ပေါ်ထွန်းလာသော သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ခဲ့သည်။ ရေကြောင်းသွားလာရေးစနစ် ပေါ်ထွန်းလာခဲ့ခြင်း၏ ထင်ရှားသော အကျိုးတရားတစ်ခုအဖြစ် နယ်မြေသစ် စွန့်စားရှာဖွေသူ ခရစ္စတိုဖာ ကိုလံဘတ်စ်က ၁၅၁၂ ခုနှစ်တွင် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ကိုလံဘတ်စ်သည် သံလိုက်အိမ်မြှောင်ကို အသုံးပြုကာ သမုဒ္ဒရာထဲ၌ သင်္ဘောရွက်လွှင့် သွားလာရင်း အမေရိကတိုက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရေကြောင်းပို့ဆောင်ရေး
ရေကြောင်းပို့ဆောင်ရေးသည် မြန်မာတို့နှင့် ရှေးမဆွကပင် ရင်းနှီးကျွမ်းဝင်ခဲ့သော ခရီးသွားလာရေး စနစ်တစ်ရပ် ဖြစ်သည်။ ရှေးမြန်မာမင်းများ လက်ထက်က တိုင်းခန်းလှည့်လည်ရာတွင် လည်းကောင်း၊ စစ်ချီ စစ်တက်ရာတွင် လည်းကောင်း၊ ကုန်စည် ပို့ဆောင်ရာတွင်လည်းကောင်း ရေကြောင်းလမ်းကို ကောင်းစွာအသုံးချခဲ့ကြသည်။ ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုဖြစ်သော တိုက်တန်းနစ် သင်္ဘောကြီး အတ္တလန္တိတ်သမုဒ္ဒရာအတွင်း နစ်မြုပ်ခဲ့သည့် ၁၉၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ဧရာဝတီမြစ်ထဲ၌ ခေတ်မီ မီးသင်္ဘောခြောက်စီး ပြေးဆွဲနေပြီဖြစ်သည်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာတို့၏ ရေကြောင်း ကူးသန်းသွားလာရေး ခေတ်မီခဲ့ပုံကို မှန်းဆနိုင်သည်။
၁၉၀၃ ခုနှစ်က အမေရိကန်လူမျိုး ညီအစ်ကိုဖြစ်ကြသော ဝီလ်ဘာရိုက်နှင့် အော်လ်ဗေးရိုက်တို့၏ တီထွင်မှုဖြင့် ကမ္ဘာ့ပထမ ဦးဆုံးလေယာဉ် စမ်းသပ်ပျံသန်းမှုကို လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ၁၉၁၅ ခုနှစ်တွင် ပတ္တူဖျင်စဖြင့် ပြုလုပ်အပ်သော လေယာဉ်ငယ်များကို စတင်ပျံသန်းနိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် လေကြောင်းပို့ဆောင်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက် လာပြီးနောက် ကမ္ဘာ့ပို့ဆောင်ဆက်သွယ်ရေး နယ်ပယ်ကြီးကိုပင် ကျုံ့သွားစေခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များသို့ ရောက်ရှိလာသည့်အခါ၌မူ ကုန်းလမ်းပို့ဆောင်ရေးသည်ပင်လျှင် ကဏ္ဍအမျိုးမျိုး ကွဲပြားသွား ပြန်သည်။ မြေပြင် ကုန်းလမ်းပို့ဆောင်ရေး၊ မြေအောက် ကုန်းလမ်းပို့ဆောင်ရေးနှင့် မြေပြင်နှင့် ဝေဟင်အကြား မြေပြင်အခြေပြု ကုန်းလမ်းပို့ဆောင်ရေးဟူ၍ ဖြစ်သည်။ ဥရောပတိုက်အတွင်းရှိ နိုင်ငံများနှင့် ဂျပန် စသည့် ကမ္ဘာ့အဖွံ့ဖြိုးဆုံး နိုင်ငံများ၌ မြေအောက်ရထားများ ပြေးဆွဲလာကြသည်။ Sky Train များ ခုတ်မောင်းလာကြသည်။
ယာဉ်ကြောကျပ်မှုကို ရှောင်လွှဲရန်
သယ်ယူပို့ဆောင်ရေးလောက ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခရီးသည်တို့အား သက်သောင့်သက်သာ ဖြစ်စေရေးနှင့် လျင်မြန်ထိရောက် ခရီးပေါက်စေရေးတို့ကိုလည်း ရှေ့တန်းတင်လာကြတော့သည်။ လူဦးရေထူထပ်သော မြို့ကြီးပြကြီးများ၌ ယာဉ်ကြောကျပ်ခြင်းကြောင့် မြို့နေပြည်သူတို့၏ အချိန်နှင့် လုပ်အားများ ဆုံးရှုံးမှုသက်သာစေရန် ယာဉ်ထိန်းစနစ်ကို အဆင်မြှင့်တင်ခြင်း၊ Sky Train များ ပြေးဆွဲစေခြင်း၊ မိုးပျံလမ်းမကြီးများ ဖောက်လုပ်ပြီး ယာဉ်ကြောကျပ်မှုကို ရှောင်လွှဲစေခြင်း၊ မြေအောက်ဥမင်တူး၍ ရထားများ ခုတ်မောင်းပြေးဆွဲစေခြင်း၊ ရေကြောင်းလမ်းကိုပါ တစ်စိတ်တစ်ပိုင်း အသုံးချခြင်းနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transporation)ကို လျင်မြန်သွက်လက်ပြီး ထိရောက်အောင် ဆောင်ရွက်ခြင်း စသည်တို့ကို အလေးထား၍ လုပ်ဆောင်လာကြသည်။
Water Bus နှင့် Water Taxi များ
မြို့နေပြည်သူလူထု၏ အချိန်နှင့်လုပ်အားများ ဆုံးရှုံးနေရမှု သက်သာအောင် ဆောင်ရွက်ကြရသော လုပ်ငန်းများအနက် ရေကြောင်းလမ်းကို အသုံးချပြီး Water Bus နှင့် Water Taxi များ ခုတ်မောင်း ပြေးဆွဲစေခြင်းသည်လည်း အရေးပါသော ဖြေရှင်းနည်းတစ်ရပ်ပင် ဖြစ်သည်။ ကမ္ဘာ့မြို့ကြီး ပြကြီးများအနက် အချို့သော မြို့ကြီးများတွင် သဘာဝအလျောက် မြစ်ချောင်း များ ရစ်ခွေဝန်းပတ် စီးဆင်းခြင်း၊ တူးမြောင်းများဖောက်လုပ်၍ ရေကြောင်းလမ်းကို ဖန်တီးထားခြင်းများ ရှိနေကြသည်။ အဆိုပါ အခြေခံကောင်းများသည် မြို့ပြပို့ဆောင်ရေးကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် အထောက်အပံ့များပင် ဖြစ်ကြသည်။
ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ကျောက်ဖယားမြစ်၊ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်းပင်မြို့ရှိ တုန်လေဆက်မြစ်နှင့် မဲခေါင်မြစ်၊ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ စိန့်မြစ်စသော ရေကြောင်းလမ်းများသည် မြို့ပြပို့ဆောင်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်သော သဘာဝအရင်းအမြစ်များ ဖြစ်ကြသည်။
ထိုကဲ့သို့သော ရေကြောင်းလမ်းများကို လိုအပ်သလို အသုံးချပြီး Water Bus နှင့် Water Taxi များကို ခုတ်မောင်းပြေးဆွဲ စေခြင်းဖြင့် မြို့ပြ သယ်ယူပို့ဆောင်ရေးနှင့် ပြည်ပခရီးသွားဧည့်သည်များ လည်ပတ်မှုကို အထောက်အကူ ပြုပေးလျက် ရှိနေကြသည်။ ရေကြောင်းလမ်းကို အသုံးချပြီး မြို့ကြီးပြကြီး တစ်ခု၏ စီရင်စု သို့မဟုတ် မြို့နယ်တစ်ခုမှ တစ်ခုသို့ ခေါက်တိုပြေးဆွဲခြင်း၊ စီးလုံးငှားစနစ်ဖြင့် ပို့ဆောင်ခြင်း၊ သတ်မှတ်ယာဉ်စီးခဖြင့် ခရီးအကွာအဝေးအလိုက် ယာဉ်စီးခ ကောက်ခံ ပြေးဆွဲခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ဤနေရာတွင် ရေကြောင်းလမ်းကို အသုံးချပြီး ခေါက်တိုခရီးစဉ်များ ပြေးဆွဲပေးနေသော ရေယာဉ်ငယ်များကို Water Bus ဟူ၍လည်းကောင်း၊ Water Taxi ဟူ၍လည်းကောင်း အမည်နာမများတပ်ကာ ခေါ်ဝေါ်သုံးစွဲလေ့ ရှိကြသည်။ ခေါက်တိုခရီးစဉ် တစ်ခုအတွင်း၌ လိုက်ပါစီးနင်းသော ခရီးအကွာ အဝေးအလိုက် ယာဉ်စီးခကို သတ်မှတ်ကောက်ခံလျက် ခုတ်မောင်းပြေးဆွဲသော သို့တည်းမဟုတ် အဆိုပါ ခရီးစဉ်အတွင်း၌ ပုံသေယာဉ်စီးခကို ကောက်ခံလျက် ခုတ်မောင်းပြေးဆွဲသော ရေယာဉ်ငယ်များကို Water Bus ဟု အမည်နာမ တပ်ထားကြသည်။
Water Bus ကိုစီးနင်းကြမည့် ခရီးသည်များအဖို့ သတ်မှတ်ယာဉ်စီးခကို ပေးချေရပြီး သက်ဆိုင်ရာ ဆိပ်ခံတံတားများ၌ ဆိုက်ကပ်လာမည့်အချိန်ကို ကြိုတင်စောင့်ဆိုင်းကြရသည်။ သတ်မှတ်ထားသည့် ဆိပ်ကမ်းကပ်ချိန်နှင့် ထွက်ခွာချိန်များအတိုင်း အံဝင်ခွင်ကျဖြစ်အောင် ကြိုတင်စီစဉ် စောင့်ဆိုင်းပြီး စီးနင်းကြရသည်။ ခရီးသည်နှင့်အတူ တစ်ပါတည်း ယူဆောင်ခွင့်ပြုသော ပစ္စည်း၏ ထုထည်နှင့် အလေးချိန်တို့ကိုလည်း ကန့်သတ်ထားလေ့ရှိသည်။ အဆိုပါ ရေယာဉ်များပေါ်၌ အများပြည်သူကို အနှောင့်အယှက် ဖြစ်စေနိုင်သော ကုန်ပစ္စည်းများ၊ အနံ့ထွက်သောပစ္စည်းများ၊ ထိခိုက်ပွန်းပဲ့ကာ ဒဏ်ရာအနာတရ ဖြစ်စေနိုင်သော ပစ္စည်းများ စသည်တို့ကိုလည်း တင်ဆောင်ခွင့်မပြုပေ။ သတ်မှတ်ထားသော ဆိပ်ခံဗောတံတားများ၌သာ ဆိုက်ကပ်ပြီး အတင်အချ ပြုလုပ်ချိန်ကိုလည်း ကန့်သတ်ထားလေ့ရှိကြသည်။
Water Taxi ကမူ ထိုသို့မဟုတ်ပေ။ သတ်မှတ်ထားသော ရေကြောင်းလမ်းအတွင်း မိမိတို့သွားလိုရာ ဆိပ်ကမ်းဆီသို့ စီးလုံးငှား စနစ်ဖြင့် ပို့ဆောင်ပေးသည်။ ကမ်းကပ်ချိန်နှင့် ထွက်ခွာချိန်များကို ကန့်သတ်ထားလေ့ မရှိပေ။ တစ်ဦးတစ်ယောက်တည်းက ဖြစ်စေ၊ မိသားစု တစ်စုတည်းကဖြစ်စေ စီးလုံးငှားကာ စီးနင်းအသုံးပြုနိုင်သလို ခရီးစဉ်တူညီသော ခရီးသည်များ စုပေါင်း ငှားရမ်း၍ စီးနင်းလိုပါကလည်း သတ်မှတ်ရေကြောင်းလမ်းအတွင်း အလိုရှိရာသို့ လိုက်ပါပို့ဆောင်ပေးသည်။ သို့ဖြစ်၍ တစ်ဦးတစ်ယောက်တည်း သို့တည်းမဟုတ် တစ်မိသားစုတည်းက ငှားရမ်းစီးနင်းသည်ဖြစ်စေ၊ ခရီးစဉ်တူညီသော ခရီးသည်များ စုပေါင်းငှားရမ်း စီးနင်းသည်ဖြစ်စေ စီးလုံးငှားခကို အပြည့်အဝ ပေးချေကြရသည်။ စီးလုံးငှားရေယာဉ်ဆိုသော်လည်း အများဆုံး ခွင့်ပြုထား သော ခရီးသည်ဦးရေထက် ပိုပြီး လိုက်ပါစီးနင်းခြင်းကိုမူ ခွင့်ပြုခြင်းမရှိပေ။
မြို့ပြပို့ဆောင်ရေး၏ အဆင့်အတန်း
မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍကို အထောက်အကူဖြစ်စေရေးအတွက် အားထုတ်ကြိုးပမ်းမှုအဖြစ် မြစ်ချောင်းနှင့် တူးမြောင်း များကို အသုံးချကာ သတ်မှတ်ရေကြောင်း လမ်းအတွင်း၌ ရေယာဉ်ငယ်များကို ခုတ်မောင်းပြေးဆွဲ စေရာတွင် များသောအားဖြင့် Water Bus များနှင့် စတင်လေ့ရှိကြသည်။ Water Bus ပြေးဆွဲမှု အောင်မြင်ပြီး အသားကျလာမှသာ Water Taxi များကိုပါ ကြားညှပ် ထည့်သွင်းပြေးဆွဲစေလေ့ ရှိကြသည်။
Water Bus ပြေးဆွဲမှုသည် မြို့ပြပို့ဆောင်ရေး အဆင့်အတန်း မြင့်မားလာမှု၏ ပြယုဂ်တစ်ခုဖြစ်ပြီး Water Taxi ပြေးဆွဲမှုကမူ မြို့ပြရေကြောင်းလမ်း ခေါက်တိုပြေးဆွဲမှု အောင်မြင်တိုးတက်လာခြင်း၏ ကြန်အင်လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ထို့ပြင် Water Bus နှင့် Water Taxi များ ခုတ်မောင်းပြေးဆွဲမှုသည် ပြည်ပခရီးသွား ဧည့်သည်များ၏ Sight Seeing Visit များကိုပါ ကောင်းစွာ အထောက်အပံ့ပြုလျက် ရှိနေပေတော့သည်။ ။