ဝန်းသို ၁၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်ထွက် ကြွေးဖုံးခမောက်ရက်လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိ သဖြင့် တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
ယခင်ကဆိုလျှင် ခပ်ချိုကျေးရွာတစ်ရွာတည်းသာကြွေးဖုံးခမောက်ကို ရက်လုပ်လျက်ရှိပြီး ယခုအခါ အနယ်အနယ်အရပ်ရပ်ရှိ တောင်သူများမှ လူကြိုက်များလာသဖြင့် တောင်ဘို့လ၊ ကင်း၊ချောင်းဆုံ ကျေးရွာများကပါ ကြွေးဖုံးခမောက်ကို ရက်လုပ်လျက်ရှိကြောင်း ကြွေးဖုံး ခမောက်ရက်ရာတွင် ဝါးကိုခွဲခြမ်းစိတ်ဖြာ၍ပြန်လည်ရက်လုပ် ပုံဖော်ခြင်းဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် ခမောက်မှာ ပုံစံကျပြီး ပို၍အသုံးခံသောကြောင့် လူကြိုက်များကြောင်း သိရသည်။ ရှေးဦးစွာ ခမောက်များကိုပုံစံကျအောင် အကြမ် ပြင်ခြင်း၊ စိတ်ပြီးသပ်ပြီးဖြစ်သော နှီးဖြင့်စ၍ ဗွေလှည့်ခြင်း၊ ခွေတံတင်ခြင်း၊ ပက်ပင်ထည့်ခြင်း၊ အနားသတ်ခြင်း စသည်တို့ အဆင့်ဆင့်လုပ် ဆောင်ရသည်။
ခမောက်အပေါ်တွင် ပန်းအလှများပန်းချီရေးဆွဲထားသည့် ခမောက်အပြန့်အလှဆောင်း တစ်လုံးလျှင် ငွေကျပ်၉ဝဝ၊ ခမောက်အကြမ်း တစ်လုံးလျှင်ငွေကျပ် ၅ဝဝ တို့ဖြင့် ရောင်းချကြကြောင်း ခမောက်ရက်လုပ်ရန်အတွက် အခြားလိုအပ်သောနှီး၊ အပ်ချည်ကြိုး၊ ပလတ်စတစ်ကြိုးများ၏ ကုန်ကျစရိတ်လည်းရှိကြောင်း မိုးလုံ၊ ရေလုံအောင် ပလတ်စတစ်များခံကာ နှစ်ထပ်ချုပ်ထားသဖြင့် ကြာရှည်အသုံးခံခြင်းကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ခမောက်ရောင်းဝယ် ရေးဆိုင်များသို့ထုပ်ပိုးကာ ရထားဖြင့်ပို့ဆောင်ပေးရကြောင်း" တောင်ဘို့လကျေးရွာမှ ကြွေးဖုံး ခမောက်ရက်လုပ်သူ မနန်းမေးဦးက ပြောပြသည်။
တစ်နှစ်ပတ်လုံးတွင် မိုးစပါးစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်တွင် ခဏတာရပ်နားကြပြီး အား လပ်သောအချိန်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချ၍ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သော လုပ်ငန်းဖြစ်ခြင်းကြောင့် အပိုဝင်ငွေရရှိသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ဝန်းသိုမြို့နယ် ဒေသခံတောင်သူများ နေပူမိုးရွာ ခေါင်းဆောင်းအကာအကွယ်အဖြစ် အသုံးပြုသော ကြွေးဖုံးခမောက်များရက်လုပ်သည့် လုပ်ငန်းကို တစ်နှစ်ပတ်လုံး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)


