ရန်ကုန် ၁၇ အောက်တိုဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (အင်းစိန်) နှင့် အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး အစိုးရနှင့် ပြည်သူကြား ပါဝင်ဆွေးနွေး တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အမျိုးသမီးများ အကြမ်းဖက် ခံရမှု အန္တရာယ်မှ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အမျိုးသမီးများ အကြမ်းဖက်ခံရမှု အန္တရာယ်ကာကွယ် ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက အောင်ထက် ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် အင်းစိန်မြို့နယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးက အဖွင့် အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့စကားဝိုင်းကို စတင်ရာ ဦးဆောင်ဆွေးနွေးသူများ ဖြစ်ကြသော အင်းစိန် မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ဒုတိယမြို့နယ် ဉပဒေအရာရှိ ဒေါ်မင်းမင်းခင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်၊အင်းစိန်မြို့နယ် Woman Club အဖွဲ့ခေါင်းဆောင် ဒေါ်ခင်နွဲ့မူတို့က ကဏ္ဍအလိုက် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက သိလိုသည်များကို ပြန်လည် မေးမြန်းခဲ့ကြရာ ဦးဆောင် ဆွေးနွေးသူများက ကဏ္ဍ အလိုက် အသီးသီးပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ အောင်ထက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများအား အမှတ်တရ မေတ္တာလက်ဆောင် ပေးအပ်ခဲ့ပြီးနောက် အဆိုပါ ပြည်သူ့စကားဝိုင်းသို့ ကျောင်းသားကျောင်း သူ စုစုပေါင်း(၂၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(အင်းစိန်)


