သထုံ  ၁၇  အောက်တိုဘာ 

 

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း World Vision Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများတို့ ပူးပေါင်းဆောင်ရွက်မည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းစီမံချက် ချပြရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက သထုံမြို့ရှိ သုဝဏ္ဏဘူမိဟိုတယ်၌ ကျင်းပပြုလုပ်သည်။

 

၄

 

အခမ်းအနားတွင် သထုံခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေး မှူး ဉီးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး World Vision Myanmar ရန်ကုန်ရုံးချုပ်မှ လူကုန်ကူးမှု စီမံကိန်းမန်နေဂျာ ဒေါ်ခင်မျိုးသန့်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်၊ သထုံမြို့နယ်၌ ရွေးချယ် ဆောင်ရွက်ရသည့်အကြောင်းရင်းနှင့် World Vision Myanmar မှ ဆောင်ရွက်နေသည့် လူကုန်ကူးမှု တားဆီးရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ လူကုန်ကူး ခံရသူများကို ၄င်းတို့၏ ဘဝရပ်တည်ရေးအတွက် နောက်ဆက်တွဲပံ့ပိုးမှုများနှင့် စွမ်းရည် မြှင့်တင်ရေး ဆောင်ရွက် ပေးနေမှုများတို့ကို ရှင်းလင်းဆွေးနွေးသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် သထုံခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးကော်မတီဝင်များ၊ တပ်ဖွဲ့စု(၉) လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့(မော်လမြိုင်)မှ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဥပဒေပညာရှင်များနှင့် အရပ်ဘက်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များက အဖွဲ့အစည်းအလိုက် ဆောင်ရွက်နေသည့် လူကုန်ကူးမှုတားဆီးရေး၊ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းပေးခြင်း နောက်ဆက်တွဲပံ့ပိုးစောင့်ရှောက်ခြင်း နစ်နာမှုများကို တရားဥပဒေအရ ကူညီပေးခြင်း စသည်တို့ကို နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ အပြန်အလှန်ညှိနှိုင်းဆွေးနွေးကာ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ကြမည်ဖြစ်သည်။

 

World Vision Myanmar အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ဧရာဝတီ တိုင်းဒေသကြီးများ ရှမ်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၄၅ ခု၌ အစိုးရဌာန အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းစီမံချက်ကို ဆောင်ရွက်နေပြီး မွန်ပြည်နယ်အတွင်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ် တို့တွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်ဦး(သထုံ)