ဖောင်းပြင် ၁၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပသော ကမ္ဘာ့အဆင့် လှေလှော်ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု လှေလှော်မယ် မသဲစုလှိုင်အား ဂုဏ်ပြုပွဲကို မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် လှေလှော်မယ်မွေးဖွားရာဇာတိ ကျေးရွာတို့က ပူးပေါင်းစီစဉ်ပြီး အောက်တိုဘာလ ၁၆ ရက် ညနေ ၃နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေနှင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်တို့က အမှာစကား အသီးသီးပြောကြားသည်။ ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဂုဏ်ပြုငွေများကို စေတနာရှင်အသီးသီးမှ ချီးမြှင့်ပေးကြသည်။
ထို့နောက် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လှေလှော်မယ်မသဲစုလှိုင်က နိုင်ငံကိုယ်စားပြု လှေလှော်အသင်းဝင် ဖြစ်လာရသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အားကစားကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပိုးစာကုန်းကျေးရွာ လှေလှော်အသင်းဥက္ကဋ္ဌ ဆရာတော် ဦးဝါသဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူရွာသားများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
ဖောင်းပြင်(ပြန်/ဆက်)


