နေပြည်တော် ၁၇ အောက်တိုဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ Empire Hotel ၌ ကျင်းပသည့် (၄၁)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၊ (၁၉)ကြိမ်မြောက် အာဆီယံ + ၃ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ − အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ တော်ဝင်အိမ်ရှေ့စံမင်းသား ဝန်ကြီးချုပ် ရုံး၏ အဆင့်မြင့်ဝန်ကြီး His Royal Highness Prince Haji Al-MuhtadeeBillahIbni His Majesty Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
(၄၁)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် (၅၁)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးများမှ ဆွေးနွေးဆုံးဖြတ်ခဲ့သည့် အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်သည့် အချက်များ၊ အာဆီယံနိုင်ငံများအကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်စပ်နေသည့် မူဝါဒများအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၏ တိုးတက်မှုဖြစ်စဉ်များ၊ (၁၉)ကြိမ်မြောက် အာဆီယံ + ၃ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံ − အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတို့အတွက် ပြင်ဆင်ထားရှိရမည့်အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် (၄၁)ကြိမ်မြောက် အစည်းအဝေးမှ အာဆီယံနိုင်ငံများအတွင်းရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများအတွက် အရည်အသွေးသတ်မှတ်ချက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုင်ရာ လမ်းညွှန်ချက်များ၊ အော်ဂဲနစ် စိုက်ပျိုးရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များ အပါအဝင် ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်ရန် ရည်မှန်းထားသောလုပ်ငန်းပေါင်း ၃၁ ခုကို အတည်ပြုခဲ့သည်။
အစည်းအဝေးများကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် အာဆီယံ နိုင်ငံများတွင် စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်များ တိုးမြင့်ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၁၉ − ၂၀၂၄) ၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အာဆီယံ − အမေရိကန် စီးပွားရေး လုပ်ငန်းများကောင်စီမှ ဒုတိယဥက္ကဋ္ဌတို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
အလားတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၁၉)ကြိမ်မြောက် အာဆီယံ + ၃ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာ (၂၀၁၆ − ၂၀၂၅)၏ ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့် (၁၉)ကြိမ်မြောက် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်များအပေါ် အတည်ပြုထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ ဘရူနိုင်းဒါရူဆလင်နိုင်ငံ ဘုရင်နန်းတော်၌ ဘုရင်မင်းမြတ်အား တွေ့ဆုံဂါရဝပြုခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၅)ကြိမ်မြောက် အာဆီယံ − အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်၍ အာဆီယံ − အိန္ဒိယ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၆−၂၀၂၀)၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများ၊ ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းများနှင့် ၂၀၁၉ − ၂၀၂၀ အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့် (၅)ကြိမ်မြောက် အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို အတည်ပြုထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဘရူနိုင်းဒါရူဆလမ်နိုင်ငံ Minister of Primary Resources and TourismH.E. Dato Ali bin Apong က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
(၄၁)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်


