နေပြည်တော် ၁၇ အောက်တိုဘာ
“World Patient Safety Day” အား ဂုဏ်ပြုသောအားဖြင့် ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး (Patient Safety Champion) ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာခင်ပြုံးကြည်နှင့် သားဖွားမီးယပ်ပညာဌာန ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာနွယ်မာထွန်းတို့က အမှာစကားပြောကြားကြပြီး ဆေးရုံအုပ်(ဒုတိယညွှန်ကြားရေးမှူး) ဒေါက်တာသီတာဝင်းက ဆုချီးမြှင့်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာခင်ပြုံးကြည်နှင့် တာဝန်ရှိသူများက ပထမဆုရ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်(NICU)၊ ဒုတိယဆုရ ပြင်ပလူနာ၊ ဓာတ်ခွဲဓာတ်မှန် အခပေးလူနာခန်းများ ပါဝင်သည့် E ဆောင်၊ တတိယဆုရ မီးယပ်လူနာဆောင် - C ဆောင်တို့မှ ပါမောက္ခအထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမကြီးများကို ဆုများပေးအပ်ကြသည်။
ယင်းနောက် ဆုရရှိသူများကိုယ်စား ပါမောက္ခ ဒေါက်တာနမ့်စမ်းစမ်းအေးက ကျေးဇူးတင်စကား ပြောကြားသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကျရောက်သည့် World Patient Safety Day အထိမ်းအမှတ် အခမ်းအနား၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ နေပြည်တော် (ခုတင်-၁၀ဝ၀)ဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး (လွိုင်ကော်မြို့)နှင့် မန္တလေး(ခုတင်-၃၀ဝ) ဆေးရုံကြီးများကို Patient Safety Champion ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - ရီရီမြင့်


