မန္တလေး ၁၇ အောက်တိုဘာ 

သီတင်းကျွတ်ပွဲတော် မတိုင်ခင်ကာလက ဈေးကွက်အေးစက်နေသည့် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများမှာ ယခုပွဲတော်အပြီး ဈေးကွက်အစမှာပင် ဈေးနှုန်းများ ရက်ပိုင်းအတွင်း ရုတ်တရက် မြင့်တက်လာကြောင်း မန္တလေးပဲဈေးကွက်မှ သိရသည်။

အဆိုပါ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများမှာ သီတင်းကျွတ်ပွဲတော်မတိုင်ခင်က မန္တလေးဈေးကွက်တွင် အရောင်းအဝယ်များ အေးစက်နေပြီး ဈေးနှုန်းမှာလည်း သုံးတင်းဝင် တစ်အိတ်လျှင် မတ်ပဲမှာ ၇၆၀ဝဝ နှုန်းနှင့် ပဲစင်းငုံမှာ ၈၁၀ဝဝ နှုန်းဖြင့် ပေါက်ဈေးရှိခဲ့သော်လည်း ယခု ပွဲတော်အပြီးကာလ ယနေ့ အောက်တိုဘာ ၁၇ ရက်တွင် မတ်ပဲမှာ ၈၆၀ဝဝ နှုန်းသို့လည်းကောင်း၊ ပဲစင်းငုံမှာ ၈၆၀ဝဝ နှုန်းသို့ လည်းကောင်း ဈေးနှုန်းများ ရက်ပိုင်းအတွင်း မြင့်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

ေ

 

''အိန္ဒိယနိုင်ငံ ပြည်တွင်းမှာလည်း ရာသီဥတုဖောက်ပြန်တဲ့အတွက် အထွက်နည်းတဲ့အပြင် လက်ရှိအချိန်မှာ လက်ကျန်လည်း နည်းနေတဲ့အတွက် မြန်မာပြည်က မတ်ပဲနဲ့ ပဲစင်းငုံကို စာချုပ်ချုပ်ဆိုပြီး ထပ်ဝယ်ဖို့ သတင်းတွေထွက်နေတယ်။ မြန်မာပြည် ဈေးကွက်မှာလည်း အခုချိန်မှာ လက်ကျန်က နည်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒီလို တိုက်ဆိုင်သွားလို့ ဈေးနှုန်းက မတ်ပဲဆို ၁၀ဝဝဝ နဲ့ ပဲစင်းငုံကလည်း ၅၀ဝဝ ကျပ်နှုန်းအထိ ရုတ်တရက် ထိုးတက်သွားတာပါ။ ဒီသီးနှံတွေက ဆောင်းသီးနှံအဖြစ် အညာဒေ သတွေမှာ အခုအချိန်မှ စတင်စိုက်ပျိုးနေတဲ့ အတွက် ထွက်ဖို့လည်း အချိန်စောင့်ရအုံးမှာဆိုတော့ ဈေးနှုန်းတွေ ထပ်ပြီးတက်လာဖို့ အလားအလာရှိတယ်'' ဟု ၎င်းက ပြောသည်။

မတ်ပဲနှင့် ပဲစင်းငုံကို မြန်မာပြည် အထက်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ စိုက်ပျိုးကြသည့်အပြင် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ပြည်ပပို့ကုန် သီးနှံအဖြစ် အဓိက စိုက်ပျိုးကြပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလဆန်းတို့တွင် စတင်ထွက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)