နေပြည်တော် ၁၇ အောက်တိုဘာ

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များကို အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ အပါအဝင် ဗလငါးတန်ကို မြှင့်တင်ပေးနိုင်ရန်၊ နောင်အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကို လူငယ်များ၏ အတွေးအခေါ်ကောင်းများဖြင့် တည်ဆောက်ရန်ဆိုသည့် မွန်မြတ်သော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးလျက်ရှိပါကြောင်း။

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန် တက္ကသိုလ်နှင့် ၂၀၁၈ ခုနှစ် ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေးတက္ကသိုလ်တို့တွင် ကျင်းပခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း မကွေးတက္ကသိုလ်၌ ကျင်းပသွားရန် စီစဉ်ထားပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၌   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်မြို့ရှိ တက္ကသိုလ်ပေါင်းစုံမှ လူငယ် ၂၂ ဦးနှင့်   စာပေစကားဝိုင်းကျင်းပခဲ့ပါကြောင်း၊ ထို့အတူ မန္တလေးတက္ကသိုလ်၌ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် မန္တလေးတက္ကသိုလ်ဝန်းကျင်မှ လူငယ်  ၂၀  နှင့် ကျင်းပသော  စာပေစကားဝိုင်းတို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးစီးဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် မိမိတို့ ဝန်ကြီးဌာနနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသခံအစိုးရအဖွဲ့များ၏ အကြံဉာဏ်များ၊ အစီအစဉ်များနှင့် ငွေကြေး စသည့် အဘက်ဘက်မှ အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း။

 

မကြာမီ မကွေးတက္ကသိုလ်၌ ကျင်းပမည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်၌ ရသစာပေ စကားဝိုင်း အပါအဝင် ယခင်ပွဲတော်များနည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ထားပါကြောင်းနှင့်  လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံဉာဏ်များ၊ စိတ်ကူးစိတ်သန်းများဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လျာထားအစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အနုပညာဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ တက်ရောက်လာကြသူများက   ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။   

 

“ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို လာမည့် ဒီဇင်ဘာလအတွင်း မကွေးတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိရာ ၎င်းပွဲတော်တွင် စာပေ၊ နည်းပညာ၊ အနုပညာနှင့် အားကစားဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ၊ ပညာပေးနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။  

 

သတင်းစဉ်