mdn

ပြ

နေပြည်တော်   ၁၈  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မဟာပညာရေးဘွဲ့(၂)နှစ် သင်တန်း အမှတ်စဉ်(၁၇)၊ ပညာ ရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၃)နှင့် ဆရာအတတ်ပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၉) တို့၏ သင်တန်းဆင်းပွဲ၊ ဆုပေးပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉ နာရီက  ကျင်းပသည်။

ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က   နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှုပြီး   တိုင်းရင်းသား များ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက်  ကောင်းမြတ်သည့်  ရည်ရွယ်ချက် များဖြင့်   ပြည်ထောင်စု တိုင်းရင်းသာလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကိုတည်ထောင်ဖွင့်လှစ်ခဲ့ခြင်း  ဖြစ်ပါကြောင်း၊ စတင်ဖွင့်လှစ်ခဲ့သည့် အချိန်မှ ယနေ့အထိ မဟာပညာရေးဘွဲ့ (၁၁၈) ဦး၊   မဟာဒဿနဘွဲ့(၃၅) ဦး၊ ပညာ ရေးဘွဲ့ (၄၁၀၉) ဦး၊ ဆရာ အတတ်ပညာဒီပလိုမာ (၈၅၉) ဦး၊ အလယ်တန်းဆရာ အတတ်သင်(၉၅၆)ဦး၊ မူလတန်းဆရာ အတတ်သင်(၇၁၆၂)ဦး၊ အထူးမူလတန်း ဆရာ အတတ်သင် (၄၆၁)ဦး၊  စုစုပေါင်း (၁၃၇၀ဝ) ဦးကို  မွေးထုတ်ပေး နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊

ယနေ့အချိန်သည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အကောင်အထည်ဖော်နေသည့် (၅) နှစ်တာ ကာလဖြစ်ပြီး အဆိုပါ စီမံကိန်းကို    စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goal-SDG)နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊

သင်တန်းဆင်းမောင်မယ်တို့ အနေဖြင့် နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများအဖြစ် တာဝန် ထမ်းဆောင်ကြတော့မည် ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်အပြည့်ဖြင့်   မြင့်မားသော စိတ်ဓါတ်၊ မှန်ကန် သော ခံယူချက်၊ မြဲမြံသော အကျင့်စာရိတ္တများကို လက်ကိုင်ပြုပြီး နိုင်ငံတော်၏ တာဝန်များကို စွမ်းစွမ်းတမံ  ထမ်းရွက်သွားကြစေလိုပါကြောင်း ၊   ပညာရေးဝန်ကြီးဌာနက  ချမှတ်ထားသော မူဝါဒများနှင့်အညီ  တိုင်းရင်းသား လူငယ်များကို    နိုင်ငံ့သားကောင်းများ ဖြစ်လာအောင် လေ့ကျင့် ပြုစု ပျိုးထောင်ပေးကြရန်နှင့် မိမိတို့၏   ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးများကို ပိုမိုမြင့်မား လာအောင်လည်း စဉ်ဆက် မပြတ် လေ့လာဆည်းပူးသွားကြရန်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသတွင် ဒေသခံ ပြည်သူများနှင့် ကျောင်းသား လူငယ်များကို မှန်ကန်သော ခံယူချက်၊    ယုံကြည် ချက်ဖြင့်  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွား လာ အောင် စည်းရုံးဆောင်ရွက်‌ပေးကြစေလိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါး ပြသနာကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ်များနှင့် ဒေသခံပြည်သူလူထုများကိုလည်း မူးယစ်ဆေးဝါးကင်းစင်သူများ၊ မူးယစ်ကင်းစင် ဒေသများဖြစ် အောင်ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားလို ပါကြောင်း၊

နိုင်ငံတော်နှင့် ပညာရပ်များ သင်ကြားပေးခဲ့သည့် အမိတက္ကသိုလ်ကြီးကို ကျေးဇူးဆပ် သောအားဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ အလားတူ နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသော တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကျရာနေရာမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံကျသော ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေး မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ ကို စေတနာ ထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊  တာဝန်ယူမှုများဖြင့် တာဝန် ကျေပွန်အောင် ထမ်းဆောင် ကြစေလိုပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တို့က စံပြထူးချွန်ဆု ရရှိသူများနှင့် ထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာကြီး ဒေါက်တာသန်းဦး (ပညာထူးချွန်ဆု) ရရှိသူကို ဒေါက်တာသန်းဦး ကိုယ်စား  ပါမောက္ခချုပ် ဦးမြဝင်းက ရွှေတံဆိပ်ဆု ပေးအပ်ချီးမြှင့်သည်။

ယင်နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ကိုယ်စား လှယ်များက ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၃)တွင် တက်ရောက် အောင်မြင်ခဲ့သူ (၂၆၇)ဦးတို့အား အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင် ဧည့်ခန်း၌ စံပြထူးချွန်ဆု၊ ထူးချွန်ဆုရရှိသူများနှင့် မိဘများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။ ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည်    သင်တန်းဆင်း ကျောင်းသား၊    ကျောင်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူ တို့က  ဧည့်သည်တော်များ၊ သင်တန်းဆင်း   သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများအား ဘွဲ့နှင်းခန်းမမြက်ခင်းပြင်တွင်ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ယနေ့ကျင်းပသော သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲတွင်မဟာပညာရေးဘွဲ့(၂)နှစ်သင်တန်း အမှတ်စဉ် (၁၇)မှ သင်တန်းသား၊ သင်တန်းသူ(၁၂)ဦး၊ ပညာရေးဘွဲ့(၅)နှစ်သင်တန်း အမှတ်စဉ်(၃)မှ သင်တန်းသား၊ သင်တန်းသူ (၂၆၇)ဦး နှင့် ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းအမှတ်စဉ်(၉)မှ သင်တန်းသား၊ သင်တန်းသူ (၁၁၇)ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တိုင်းရင်းသားလူငယ် စုစုပေါင်း (၃၉၆) ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn