mdn

နေပြည်တော် ၁၈  အောက်တိုဘာ

 

ငုပ်လျှိုးတီဘီရောဂါကုသမှုဆိုင်ရာ အသိပေးဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGallery Hotel ၌ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း၌ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ရှိနေသည့် တီဘီရောဂါ ကူးစက် ဖြစ်ပွားမှုများ လျော့နည်းပပျောက်ရေး လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ တီဘီရောဂါ ဖြစ်ပွားမှုအကြောင်းရင်းများ၌ ပြည်သူများ၏ လူမှုစီးပွားရေးအခြေအနေနှင့် ကျန်းမာရေး အသိပညာကြွယ်ဝမှုတို့သည် အဓိက အကြောင်းအချက်များအဖြစ် ပါဝင်နေပါကြောင်း။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ဆချက်များအရ ကမ္ဘာ့လူဉီးရေ၏ (၄) ပုံ (၁) ပုံခန့်တွင် တီဘီရောဂါပိုးရှိပြီး ရောဂါဖြစ်ပွားမှုမရှိသည့် ငုပ်လျှိုးတီဘီဖြစ်ပွားနိုင်သည်ဟု တွက်ဆ ထားပါကြောင်း၊ ကမ္ဘာ့တီဘီရည်မှန်းချက်(End TB) (၂၀၃၅) အရ (၂၀၃၅) ခုနှစ်တွင် လူဦးရေ (၁) သိန်းလျှင် တီဘီရောဂါဖြစ်ပွားသူ (၁၀) ဦးအောက် လျော့နည်းရေးအတွက် မြန်မာနိုင်ငံတွင် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိပါကြောင်း။

 

mdn

 

ထိုသို့ ငုပ်လျှိုးတီဘီရောဂါရှင်များကို ရှာဖွေကုသမှုပေးရန်အတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး(HIV)ရှိသူများကို တီဘီရောဂါ ကြိုတင်ကာကွယ်မှုကုထုံးဖြင့် ကုသမှုပေးရန် လိုအပ်ပါကြောင်း၊ ငုပ်လျှိုးတီဘီရောဂါ ရှာဖွေစမ်းသပ်မှု နည်းစနစ်များနှင့် ကုသမှုကုထုံးများ ဆန်းသစ်တိုးတက်လျက်ရှိရာ ယခုဆွေးနွေးပွဲတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုးရှိသူ များ၌ တီဘီရောဂါကာကွယ်ခြင်း၏ အရေးကြီးပုံ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထောက်ခံထား သော ကုထုံးသစ်များသည် အချိန်တိုကာလအတွင်း ကုသမှုပြီးမြောက်စေရန် အားသာပုံတို့ကို အသိပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော TPR Regimen ကုထုံးအသစ်တစ်ခုဖြစ်သည့်  Isoniazid နှင့် Rifapentine ဆေးပေါင်းကို တစ်ပတ်လျင် တစ်ကြိမ်နှင့် (၁၂) ပတ်ပေးခြင်းသည် လက်ရှိမြန်မာနိုင်ငံတွင် ငုပ်လှိျုးတီဘီကို ကုသလျက်ရှိသော (၉)လကုထုံးထက် အားသာချက်များရှိသောကြောင့် ကုထုံးသစ်ကို pilot study အဖြစ် အသုံးပြုသွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ကမ္ဘာ့တီဘီရောဂါ ကင်းဝေးရေး ရည်မှန်းချက်များ ပြည့်မီရန်နှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုးရှိသူများတွင် တီဘီရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများလျော့နည်းစေရန် တီဘီရောဂါဖြစ်ပွားသူများကို ကုသမှုပေးခြင်း သာမက ငုပ်လျှိုးတီဘီရောဂါ ရှာဖွေစစ်ဆေးကုသမှုများကို ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ စီမံချက် မန်နေဂျာ ဒေါက်တာထွန်းညွန့်ဉီးက “Current situation and countermeasures of HIV treatment and IPT in Myanmar” နှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်မှ စီမံချက်မန်နေဂျာ ဒေါက်တာချိုချိုစန်းက “Overview IPT in children in Myanmar” တို့ကို တင်ပြကြရာ အထူးကုဆရာဝန်ကြီးများ၊ ကုသမှုပညာရှင်များ၊ ပြည်သူကျန်းမာရေးပညာရှင် များက ငုတ်လျှိုးတီဘီရောဂါကုသမှု ကုထုံးလမ်းညွှန် နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

 

(သတင်းစဉ်)

 

mdn