mdn

ရန်ကုန် ၁၈  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးပြီး ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့အချိန်အခါသည် ကမ္ဘာ တစ်ဝန်းတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုများ၏ အကျိုးဆက်များကို ခံစားနေရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုများ၏ အကျိုးဆက်များကြောင့် အင်အားပြင်းထန်သည့် သဘာဝဘေး အန္တရာယ်များ ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ထိခိုက် ပျက်စီးဆုံးရှုံးမှုများကို မျက်မြင်ထင်ရှားဖြစ်စေသည့် သဘာဝဘေးအန္တရာယ်များအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးအပေါ် သိသာထင်ရှားမှုမပြသည့် ထိခိုက်ဆုံးရှုံး မှုများလည်း ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် အချိန်တိုအတွင်း ပျက်စီးဆုံးရှုံးသွား နိုင်သည်အထိ သဘာဝဘေးများသည် အင်အားပြင်းထန် လျက်ရှိကြောင်း။

 

မိမိတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ၊ နည်းပညာ၊ ဗဟုသုတများကို လူတိုင်းသိရှိနားလည်ထားရန် လိုအပ်လာပြီဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်ဗွီဒီယို မှတ်တမ်းကို ပြသသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြပြီး အခမ်းအနားတွင် ပြသထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၃ ခုနှစ်မှစတင်ကာ တိုင်းဒေသ ကြီးအဆင့် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်ဆိုတွင် (၇)ကြိမ် မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ဆန်းကျော်ဦး)

 

mdn

 

mdn

 

mdn