၁၈ အောက်တိုဘာ
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ဗီယက်နမ်နိုင်ငံသို့ ကြိုတင်သွားရောက်လေ့ကျင့်လျက်ရှိပြီး ဗီယက်နမ်ကလပ် ဆိုင်ဂုံအသင်းနှင့် ယနေ့ညနေပိုင်းက ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာဖူဆယ်အသင်းသည် ပထမခြေစမ်းပွဲတွင် ဗီယက်နမ်ကလပ် ကာရိုဘန်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ယခုပွဲတွင် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် အပြီးသတ်လူစာရင်း ရွေးချယ်နိုင်ရန် ယခုပွဲတွင်လည်း ကစားသမားအားလုံး အသုံးပြုခဲ့ပြီး အနိုင်ဂိုးများကို ပထမပိုင်းတွင် နိုင်ရဲကျော်၊ ဒုတိယပိုင်းတွင် ကျော်စိုးမိုး၊ ခင်ဇော်လင်းနှင့် ပြည့်ဖြိုးမောင် (၃) တို့က
သွင်းယူခဲ့သည်။
မြန်မာဖူဆယ်အသင်းသည် အာဆီယံပြိုင်ပွဲယှဉ်ပြိုင်မည့် အပြီးသတ်ကစားသမား ၁၆ ဦးကို အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ကစားသမား ၂၀ ခေါ်ဆောင်သွားရာ လေးဦးလျှော့ချရမည်ဖြစ်သည်။ ၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-MFF