ရန်ကုန် ၁၈ အောက်တိုဘာ
ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘက်မှ ဖြေလျော့မှုများ ဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း ခရီးသွားကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက ပြောကြားသည်။
ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းများကဏ္ဍကို မြှင်တင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့ သာကေတမြို့နယ် Myanmar Expo Hall တွင် ကျင်းပသော Yangon Hotel Expo 2019 – Yangon Then & Now ဖွင့်ပွဲအခမ်း အနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရက အထူးဂရု စိုက်သလို တိုင်းဒေသကြီးဘက်ကလည်း အထူးဂရုစိုက်ပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ဘက်ကဆိုရင် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေလျော့မှုတွေ အများကြီးဆောင်ရွက်ခဲ့ပါတယ်။ ခရီးသွားကဏ္ဍနဲ့ ပတ်သက်ပြီး ဥပဒေပြဌာန်းခဲ့ပါတယ်။ တစ်ချိန်တုန်းက ခရီးသွားကဏ္ဍနဲ့ပတ်သက်ရင် ပြည်ထောင်စုကဘဲ ကိုင်တွယ်ဆောင်ရွက်နေရာကနေ အခုဆိုရင် တိုင်းဒေသကြီးအဆင့် ခရီးသွားကော်မတီတွေဖွဲ့စည်းပြီး ဆောင် ရွက်ခွင့်ပြုလာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဟိုတယ်တည်ဆောက်ရေးတွေလုပ်မယ်၊ ဟိုတယ်လိုင်စင်ထုတ် ပေးမယ်၊ အခြားအခြားသော ခရီးသွားကဏ္ဍနဲ့ ပတ်သက်တဲ့ လိုင်စင်တွေအကုန်လုံးကို တိုင်းဒေသကြီးတွေက ပဲ စီမံခန့်ခွဲပြီး ဆောင်ရွက်ပေးတဲ့အတွက် အချိန်တိုအတွင်းမှာ ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်” ဟု ပြော ကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လိုင်စင်ချထားပေးသော ဟိုတယ်အရေအတွက် ၃၄၆ လုံးရှိပြီး အခန်းပေါင်း ၂၁၁၄၂ ခန်းရှိကာ တည်းခိုရိပ်သာအနေဖြင့် ၁၀၁ လုံးနှင့် အခန်းပေါင်း ၂၀၁၄ ခန်းရှိကြောင်း သိရသည်။
ရန်ကုန်ဟိုတယ်အိတ်စပို့ ၂၀၁၉ ပြပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်နှင့်အပန်းဖြေစခန်းများ၊ ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများနှင့်ဆက်စပ်သည့် ထုတ်ကုန်ရောင်းချသူများ၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့် ပြည်တွင်းပြည်ပဘဏ်များ၊ မြန်မာပြည်၏ ထုတ်ကုန်များကို ပြသသည့်ပြခန်းများ၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးရင်းနှီးမြုပ်နှံမှုကုမ္ပဏီ ပြခန်းများစသော ပြခန်းပေါင်း ၁၆၄ ခန်း ပါဝင်ပြသထားကြောင်း သိရသည်။
ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အထောက်အကူဖြစ်စေမည့် စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်ကျော်ကြားသူတို့၏ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ ဈေးကွက်အခြေအနေ စကားဝိုင်းဆွေးနွေးပွဲ များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


