အောင်က
အဲဗာတန်အသင်းဆိုတာဟာ ပရီမီယာလိဂ်မှာ ဒုတိယအဆင့်ရှိတဲ့ အသင်းမျိုးဖြစ်တယ်။ ထိပ်ဆုံးလေးသင်းမှာ မပါဝင်နိုင်ပေမယ့် အဆင့် ၁၀ အောက် လျော့ကျတဲ့အသင်းမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီနှစ်ရာသီမှာ ပရီမီယာလိဂ် ရှစ်ပွဲက စားပြီးချိန်မှာ အဲဗာတန်အသင်းဟာ ပရီမီယာလိဂ်အမှတ်ပေးဇယားရဲ့ တန်းဆင်းဇုန်ထဲကို ရောက်နေတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင် အဲဗာတန်အသင်းဟာ အိမ်ကွင်းမှာ လီဗာပူး၊ ချယ်လ်ဆီး၊ မန်ယူနဲ့ ဘန်လေအသင်းတို့ကို ပေးဂိုးမရှိဘဲ အနိုင်ကစားနိုင်ခဲ့တဲ့ အသင်းဖြစ်တယ်။ ပရီမီယာလိဂ် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း နှစ်ဂိုးစီနဲ့ သရေကျအောင် ကစားနိုင်ခဲ့တယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီဈေးကွက်တုန်းကဆိုရင်လည်း အဲဗာတန်အသင်းဟာ မိုစီကိန်း၊ အိုင်ဝိုဘီ၊ ဂါဘာမင်တို့လို ကစားသမားတွေကို ခေါ်ယူပြီး အသင်းရဲ့အင်အားကို အကောင်းဆုံးဖြည့်တင်းခဲ့တယ်။ ကစားသမား သစ်ခေါ်ယူမှုအတွက် အဲဗာတန်အသင်းသုံးလိုက်တဲ့ ငွေက ပေါင်သန်း ၁၀ဝ ကျော်တယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ အသင်းက အခြေမလှသေးဘူး။ နည်းပြ မာကို့စ်ဆေးလ်ဗားလည်း အထုတ်ခံရဖို့ နီးနေပြီ။ အဲဗာတန် အသင်းအနေနဲ့ ရလဒ်တွေ ကောင်းလာဖို့အတွက် ဘာတွေပြင်ဆင်ရမလဲ။
အလွတ်တည်ကန်ဘောများ ကာကွယ်မှု
အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင် ပရီမီယာလိဂ်ရဲ့ ပေးဂိုးအနည်းဆုံး အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ခဲ့တယ်။ ဒါ့အပြင် မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့ပြီးရင် ဂိုးပေါက်ကန်သွင်းခံရမှု အနည်းဆုံးလည်း ဖြစ်တယ်။ အဲဒါကို ကြည့်တာနဲ့ အဲဗာတန်အသင်းရဲ့ ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်း မာကျောကျစ်လျစ်မှုက သိသာလှတယ်။
ဒါပေမယ့် ဒီနှစ်ရာသီမှာ အဲဗာတန်အသင်းရဲ့ ခံစစ်ပိုင်းက ပြီးခဲ့တဲ့ရာသီကနဲ့ အများကြီးကွာခြားသွားခဲ့ပြီ။ အဲဗာတန်အသင်းဟာ ဒီနှစ်ရာသီမှာဆိုရင် အလွတ်တည်ကန်ဘောတွေကနေ ဂိုးပေးရတာဟာ ငါးဂိုးတောင်ရှိခဲ့ပြီ ဖြစ်တယ်။ ဒါဟာ ပရီမီယာလိဂ် အသင်း ၂၀ မှာ သူထက်ပိုပြီး အလွတ်တည်ကန်ဘောကနေ ဂိုးပေးရတဲ့အသင်းဟာ ခုနစ်သင်းသာ ရှိတော့တယ်။
ဒါကြောင့်လည်း အဲဗာတန်အသင်းအနေနဲ့ ဒီနှစ်ရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ဆိုရင် အလွတ်တည် ကန်ဘောတွေကနေ ဂိုးပေးရမှုကို အတတ်နိုင်ဆုံး ကာကွယ်မှုတွေ လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မလုပ်နိုင်သေးဘူးဆိုရင် အဲဗာတန် အသင်းအနေနဲ့ နိုင်ပွဲတွေနဲ့ ဝေးကွာနေနိုင်ပါသေးတယ်။
ဇူးမားကို ပြန်ခေါ်ယူရန်
အဲဗာတန်အသင်းရဲ့ပြဿနာဟာ တစ်ခုတည်းတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းကနေ အငှားနဲ့ လာရောက် ကစားခဲ့တဲ့ ဇူးမားကို အသင်းမှာ ဆက်လက်ရှိနေဖို့ မကြိုးစားနိုင်ခဲ့ဘူး။ ဒါ့အပြင် အသင်းကနေ ထွက်ခွာသွားတဲ့ ဂျာဂျယ်ကာ နေရာအတွက်လည်း အကောင်းဆုံး အစားမထိုးနိုင်ခဲ့ဘူး။
ဇူးမားဟာ ပြီးခဲ့တဲ့ရာသီက ကိန်းနဲ့ အကောင်းဆုံးတွဲဖက်ပြီး အဲဗာတန်အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာ ဖြစ်တယ်။ အခုတော့ ဇူးမားက ချယ်လ်ဆီးအသင်းကို ပြန်သွားပြီဖြစ်တာကြောင့် အဲဗာတန်အသင်းအနေနဲ့ ဇူးမားကို မခေါ်ယူထားနိုင် သလို သူလိုကစားသမားမျိုး မခေါ်ယူ နိုင်တာကလည်း အဲဗာတန်အသင်းအတွက် ကံဆိုးစေမှုတစ်ခုလို့ ပြောရမှာပါ။ ဒါပေမယ့် အဲဗာတန်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီဈေးကွက်မှာတော့ ဇူးမားကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားရဖို့ရှိနေတယ်။ ဇူးမားဟာ အဲဗာတန်အသင်းမှာ အသားကျ ကစားနိုင်ခဲ့တဲ့သူ ဖြစ်တာကြောင့် အသင်းကိုသာ ပြန်ရောက်လာခဲ့မယ်ဆိုရင် အဲဗာတန်အသင်း အတွက် ကောင်းလာဖို့သာ ရှိပါတယ်။
ပျက်ပြားနေတဲ့ ဟန်ချက်
အဲဗာတန်အသင်းအနေနဲ့ အိုင်းယက်ကစားသမား ကိုးမန်းရဲ့နေရာကို အကောင်းဆုံးလူစားလဲဖို့ အချိန်ကျနေပြီ။ ကိုးမန်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပရီမီယာလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံကစားသမားတစ်ဦး ဆိုတာက သံသယဖြစ်စရာတောင် မလိုပါဘူး။ သူ့ကို ပေါင် ၆၀ဝ၀ဝ လောက်နဲ့ ခေါ်ယူခဲ့ပေမယ့် အဲဗာတန်အသင်းအတွက် အများကြီး အသုံးဝင်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်၊ မတ်လမှာ ခြေထောက်ကျိုးခဲ့ပြီး အဲဒီဒဏ်ရာကနေ ပြန်ကောင်းလာခဲ့ပေမယ့် ကိုးမန်းရဲ့ ခြေစွမ်းက အကောင်းဆုံး ဖြစ်မလာခဲ့ဘူး။
ဒါပေမယ့် ကံကောင်းစွာနဲ့ နွေရာသီမှာ အဲဗာတန်အသင်းဟာ ညာနောက်ခံနေရာအတွက် မိုနာကို အသင်းကနေ ဆီဒီဘီကို အငှားနဲ့ ခေါ်ယူထားနိုင်ခဲ့တယ်။ ဆီဒီဘီကလည်း အခုတော့ အဲဗာတန်အသင်းမှာ ဟန်ချက်ညီအောင် အကောင်းဆုံး ကစားပြထားနိုင်တယ်။ ဒါပေမယ့် တစ်ယောက်ကောင်းရုံနဲ့ ဘာမှဖြစ်မလာနိုင်ဘူး။
အသင်းရဲ့တိုက်စစ်ပိုင်းမှာတော့ ကလိုင်းဗက်လီဝင်က ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦး မဟုတ်ဘူး။ သူဟာ အသင်းနဲ့အတူ ပရီမီယာလိဂ် ၈၅ ပွဲမှာ ၁၃ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် တိုးတက်မှုတွေ လိုအပ်နေသေးတဲ့ ကစားသမား တစ်ဦးလို့ ပြောရမယ်။ ဒါကြောင့်လည်း အဲဗာတန်အသင်းရဲ့တိုက်စစ်ပိုင်းက လက်ရှိအချိန်အထိ အကောင်းဆုံး မဖြစ်သေးဘူး။
တိုက်စစ်မှူး လူကာကူထွက်ခွာသွားကတည်းက တိုက်စစ်ပိုင်း အကောင်းဆုံး အစားမထိုးနိုင်ခဲ့တဲ့ အဲဗာတန်အသင်းဟာ ဒီနှစ်မှာလည်း ဂျူဗင်တပ်အသင်းကနေ မိုစီကိန်းကို ခေါ်ယူထားခဲ့သေးတယ်။ လက်ရှိ အချိန်အထိ မိုစီကိန်းဟာ အဲဗာတန် အသင်းအတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးဘူး။ ဒါကြောင့်လည်း အဲဗာတန်အသင်းအနေနဲ့ ပရီမီယာလိဂ် အောင်မြင်မှုရဖို့ဆိုရင် အရှေ့၊ အလယ်၊ အနောက် သုံးနေရာစလုံးဟာ ဟန်ချက်ညီမျှစွာရှိနေဖို့တော့ လိုအပ်တယ်လို့ဆိုရမယ်။
ဒါကြောင့် အဲဗာတန်အသင်းအနေနဲ့ လက်ရှိရောက်ရှိနေတဲ့ ပရီမီယာလိဂ် တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်ရေးဟာ အထက်ပါဖော်ပြခဲ့တဲ့ အချက်အလက်တွေကို အကောင်းဆုံးပြုပြင်၊ လုပ်ဆောင်နိုင်မှသာ အသင်းရဲ့ အခြေအနေဟာ ပြန်လည်ကောင်းမွန်လာဖို့ ရှိနေတယ်လို့ ဆိုရမှာပါ။