မိတ္ထီလာ  ၁၉   အောက်တိုဘာ

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာမှ အိမ်ထောင်စု ၂၅၀ အား စတုတ္ထအကြိမ် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ သိန်း တစ်ထောင်ကျော်အား ပေးအပ်ပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီအချိန်က တဲကြီးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုး တက်စေရန် ကျေးရွာတစ်ရွာလျင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း(၃၀ဝ)ဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေးလုပ်ငန်း၊အရောင်းအဝယ်လုပ်ငန်းများအား တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြင့်လုပ်ကိုင်နိုင်စေရန် ရည်ရွယ် ၍ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်နှင့် ဝန်ထမ်းများ ကြီးကြပ်၍ ကျေးရွာစီမံကိန်း ကော်မတီဝင်များက မြို့နယ်အတွင်းရှိ တဲကြီးကုန်း၊ ဖိုးမိုးကြီးကုန်း၊ ဂွေးကုန်း+သစ်ဆိမ့်ပင်ကျေးရွာများကို စတုတ္ထအကြိမ်မြောက်အဖြစ် စီမံကိန်းရန်ပုံငွေများ ထုတ်ပေးခဲ့ရာ တဲကြီးကုန်းကျေးရွာမှ အိမ်ထောင်စု (၆၁) ဦးအတွက် ငွေကျပ် သိန်း(၃၅၈)သိန်းထုတ်ချေးပေးအပ်ခဲ့ပြီး ဖိုးမိုးကြီးကုန်းကျေးရွာမှ အိမ်ထောင်စု (၁၀၂)ဦး အတွက် ငွေကျပ်(၃၁၇)သိန်း ထုတ်ချေးပေးခဲ့သည်။၎င်းအပြင် ဂွေးကုန်း+သစ်ဆိမ့်ပင်ကျေးရွာမှ အိမ်ထောင်စု (၈၇)ဦးအတွက် ငွေကျပ်(၃၇၄)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျင် ကျေးရွာမြစိမ်း ရောင်စီမံကိန်းရန်ပုံငွေ သိန်း(၃၀ဝ)ဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အထိ  မြိစိမ်းရောင်စီမံကိန်း (၃၇)ယူနစ်ဖြင့် ကျေးရွာ ၄၈ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၃)ရွာကို ဆက်လက်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)