မကွေး ၁၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများ အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က မကွေးမြို့စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများနှင့် ပတ်သက်၍ အိတ်ဖွင့်တင်ဒါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါ တင်သွင်းသူများ၏ ရှေ့မှောက်တွင် Technical Proposal နှင့် Prize Proposal များကို ဖွင့်ဖောက်စစ်ဆေးကြပြီး အခမ်းအနားကို ညနေ ၆ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်း တင်ဒါ Lot (၄၄) ခု၊ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း တင်ဒါ Lot (၂၆) ခု၊ မြို့နယ်ရုံးအဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း တင်ဒါ Lot နှစ်ခု၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း တင်ဒါ Lot သုံးခု၊ Transformer တပ်ဆင်ခြင်းလုပ်ငန်း တင်ဒါ Lot တစ်ခု၊ စုစုပေါင်း တင်ဒါ Lot(၇၆)ခုကို အိတ်ဖွင့်တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းလွင်(မကွေး)


