ကော့သောင်း ၁၉  အောက်တိုဘာ

 

ကော့သောင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကော့သောင်းစက်ဘီးအသင်း(KTCC)တို့ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး သုံးခရိုင်ဖိတ်ခေါ် တောင်တက်ခရီးကြမ်း Mountain Bike Challenge   2019  ပြိုင်ပွဲအား အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

2

 

ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အတွင်းရှိခရိုင်သုံးခရိုင်ဖြစ်သည့် ထားဝယ်ခရိုင်၊ မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင် တို့မှပြိုင်ပွဲအားကစားသမား အသက်(၄၀) အထက် နှင့် အသက်(၄၀)အောက် အတန်းနှစ်တန်းတွင် စက်ဘီးအားကစားသမား (၆၀)ဦး ဝင်ရောင်ယှဉ်ပြိုင်ခဲ့ကြရာ နံနက်  ၈ နာရီတွင် စတင်တာထွက်မည့် ကော့သောင်းမြို့၊ ဘုရင့်နောင်အငူရှေ့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်နှင့် ကော့သောင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင် တို့က ဟွန်းတီးကာ စတင်ဖွင့်လှစ်တာလွှတ်ပေးခဲ့ကြရာ ပြိုင်ပွဲဝင် စက်ဘီးအားကစားသမားများ စုစုပေါင်း (၁၃.၅)မိုင်အကွာအဝေးရှိ သတ်မှတ် ခရီးကြမ်းလမ်းတစ်လျှောက် စတင်စီးနင်းယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များ ပန်းဝင်မည့်နေရာဖြစ်သည့် ပင်လယ်ရေမျက်နှာပြင်အထက် ပေငါးရာကျော်ရှိသည့် ငါးသုံးလုံး(၅၅၅) တောင်ကုန်းထိပ်တွင် စတင်ပန်းဝင်ကြသည်။

 

ပြိုင်ပွဲတွင် အသက်(၄၀ ) အထက်တန်းတွင် ထားဝယ်ခရိုင်မှပထမ၊ ကော့သောင်းခရိုင်မှဒုတိယနှင့် မြိတ်ခရိုင်မှ တတိယအသီးသီးရရှိပြီး အသက်(၄၀)အောက် အတန်းတွင် ထားဝယ်ခရိုင်မှ ပထမ နှင့်ဒုတိယ၊ မြိတ်ခရိုင်မှ တတိယ  အသီးသီး ဆွတ်ခူးရရှိကြရာ တာဝန်ရှိသူများက  ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအပြင် (၁၀)ဦးအထိ ဆုချီးမြှင့်ခဲ့ပြီး ပန်းဝင်နိုင်သူအားလုံးကို နှစ်သိမ့်ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

 

1

ထို့အပြင် ကော့သောင်းခရိုင်၊ ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်စက်ဘီးစီး အသင်းများနှင့် ကုမ္ပဏီ လုပ်ငန်းရှင်များက ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ထပ်ဆောင်းဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

 

8

 

 

အဆိုပါပြိုင်ပွဲအား  ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်လူငယ် စက်ဘီးစီး အားကစားသမားများ ထွန်းကားလာရေး၊  ( ၃ )ခရိုင်အတွင်းမှ စက်ဘီးသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်ဘီးအားကစားကို လူငယ်လူရွယ်များ ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

‌ကျော်စိုး (ကော့သောင်း)