mdn

မြိတ် ၁၉ အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီခွဲက အင်္ဂမော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အင်္ဂမော်ကျေးရွာအုပ်စုရှိ ကျေးရွာ(၉)ရွာမှ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

တွေ့ဆုံရာ၌ ၀န်ကြီးဒေါ်ရီရီချိုက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လွှတ်တော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးဝင်း၊ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများက ကျောင်းဆောင်သစ်နှင့် ကျောင်းဆောင်ပြုပြင်ရန် လိုအပ်ချက်များ၊ ၀န်ထမ်းအိမ်ယာ လိုအပ်ချက်၊ ကျေးရွာချင်းဆက်လမ်း၊ ရွာတွင်းလမ်းများ၊ ကုန်ထုတ်လမ်းများလိုအပ်ချက်၊ ကျေးရွာချင်းဆက်တံတားနှင့် ရေပြွန်တံတားလိုအပ်ချက်၊ စပါးခင်းများ ရေဝင်မှုမရှိစေရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ပေးရေး၊  ပြည်ထောင်စုလမ်းမကြီး အတွင်းဘက်ကျေးရွာများ လျှပ်စစ်မီးရရှိရေးစသော ကျေးရွာလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

 

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ၀န်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ၀န်ကြီးနှင့်အဖွဲ့သည် ဒလရှောင်ကျေးရွာတွင် ပြုပြင်ရန်လိုအပ်နေသည့် မူလတန်းကျောင်းနှင့် ကျေးရွာအဝင်လမ်းတို့အား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

mdn