mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်း-ရွှေဘိုလမ်း အခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အရှည် (၁၁)မိုင်(၂)ဖာလုံရှိ စိုင်နိုင်-ဟံလင်းလမ်း၊ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

စိုင်နိုင်-ဟံလင်း ကတ္တရာလမ်းသည် အရှည်(၁၁)မိုင် (၂)ဖာလုံရှိပြီး ဟံလင်း ပျူမြို့ဟောင်းနှင့် မန္တလေး-စစ်ကိုင်း-ရွှေဘို-မြစ်ကြီးနား လမ်းမကြီးကို ချိတ်ဆက် ဖောက်လုပ်ထားပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် Pilot Project ဖြင့် ကတ္တရာလမ်းအဆင့် ဆောင်ရွက်ပြီးစီးသည့်အတွက် အဆိုပါလမ်းကို အသုံးပြုသည့် ကျေးရွာ(၈)ရွာ၊ အိမ်ခြေ (၁၉၆၀)အိမ်၊ လူဦးရေ(၁၇၂၇၁)ဦးတို့ကို အကျိုးပြုမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများလည်း အချိန်တိုအတွင်း ဟံလင်း ပျူမြို့ဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း လာရောက်လေ့လာနိုင်မည် ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်း (ရွှေဘို ခရိုင်အပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေ၊ ဘုတလင်-ရေဦး-ခင်ဦး လမ်းပြုပြင် ထိန်းသိမ်းထားရှိမှု အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မူးမြစ်ကူး တံတား(ရေဦး) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၂)မှ တာဝန်ခံအင်ဂျင်နီယာ ဉီးဇေယျာစိုးက မူးမြစ်ကူးတံတား(ရေဉီး) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးလျာထားရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

 ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟက တံတားချဉ်းကပ်လမ်း ဆောင်ရွက်ထားရှိမှုနှင့် ရေဦး-ကလေးဝလမ်း အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဉီးအုန်းလွင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။         

 

မူးမြစ်ကူးတံတား(ရေဦး)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ဘုတလင်-ရေဦး-ခင်ဦး လမ်းပေါ်တွင်တည်ရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်၊ ကိုယ်ထည်သံကူကွန်ကရစ်၊ အပေါ်ထည်ကြိုတင်အားဖြည့် သံကူကွန်ကရစ် ယက်မတို့ဖြင့် တည်ဆောက်ထားပြီး တံတားအရှည် (၂၁၂၅)ပေ၊ တံတား အကျယ် (၃၀)ပေ တံတား၏ခံနိုင်ဝန်မှာ AASHTO  H.S-25 ဖြစ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာ-ဘုတလင်-ရေဦး-ခင်ဦးလမ်း အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်